တရုတ်နိုင်ငံအရှေ့ပိုင်း၌ လူနေအဆောက်အအုံပြိုကျမှုကြောင့် လေးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မေ ၂၈

တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ် Tongling မြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက လူနေအဆောက်အအုံတစ်လုံး တစ်ဝက်တစ်ပျက်ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် လေးဦးသေဆုံးပြီး တစ်ဦးမှာအထူးကြပ်မတ်ကုဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု ဒေသခံအာဏာပိုင်များက ပြောကြားသည်။

 Jiaoqu ခရိုင် Datong မြို့နယ်ရှိ ငါးထပ်အဆောက်အအုံ၏ အနောက်ဘက်ခြမ်း ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီးနောက် ယနေ့မနက် ၁ နာရီ ၂၈ မိနစ်တွင် ပျောက်ဆုံးနေသူ ငါးဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။  

အဆောက်အအုံပြိုကျမှုတွင် လေးဦးသေဆုံးကြောင်းအတည်ပြုထားပြီး ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ အထူးကြပ်မတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။ ထိုအဆောက်အအုံ၏အစိတ်အပိုင်း ပြိုကျနိုင်ဖွယ်ရှိသဖြင့် အခြားသောနေထိုင်သူများအား အာဏာပိုင်များက ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့သည်။  

အဆောက်အအုံပြိုကျမှု ဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရသည်။ Tongling မြို့တွင် စနေနေ့ညနေနှင့် တနင်္လာနေ့မနက်ပိုင်းအတွင်း မိုးများသည်းထန်စွာရွာသွန်းခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို