တရုတ်နိုင်ငံအတွင်းသို့ ကနေဒါနိုင်ငံမှ အသားတင်သွင်းမှု ယာယီဆိုင်းငံ့

ပေကျင်း   ၂၇ ဇွန်  

တရုတ်နိုင်ငံအတွင်းရှိ အသားစားသုံးသူများ ကျန်းမာရေးဘေးဥပဒ်မဖြစ်ပွားစေရန် နိုင်ငံအတွင်းသို့ကနေဒါနိုင်ငံမှ  အသားတင်သွင်းမှုကို  ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံအတွင်းရှိ  အသားတင်ပို့သည့်ကုမ္ပဏီ ၁၈၈ ခု၏   ကျန်းမာရေးထောက်ခံချက်   သက်သေခံလက်မှတ်များမှာ အတုအယောင်များဖြစ်သည်ကို စုံစမ်းသိရှိခဲ့ပြီးနောက် အော့တဝါမြို့ရှိ တရုတ်သံရုံးက ကနေဒါနိုင်ငံမှ အသားတင်သွင်းမှု ယာယီဆိုင်းငံ့ခြင်းကို အရေး တကြီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင်  ကနေဒါနိုင်ငံအတွင်း   ကျင့်သုံးလျက်ရှိသည့် အသားတင်ပို့မှုစနစ်သည် ကျန်းမာရေးအာမခံချက်ပေးမှုလျော့နည်းလျက်ရှိသည်ကို   တွေ့ရသည့်အပြင် ဝက်သားထုတ်ကုန်အများစုမှာ      ကျန်းမာရေးအရ ပိတ်ပင်ထားသည့် ဓာတုပစ္စည်းတစ်မျိုး ရောနှောပါဝင်နေသည်ကို စုံစမ်းသိရှိခဲ့သည်ဟု ကနေဒါနိုင်ငံရှိ တရုတ်သံရုံးက  ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကနေဒါနိုင်ငံအတွင်း  အသားတင်ပို့မှုဆိုင်ရာ  သက်သေခံလက်မှတ်များမှာ အစစ်အမှန်မဟုတ်ကြောင်း စုံစမ်းတွေ့ရှိမှုအပေါ်ကနေဒါစိုက်ပျိုးရေးဝန်ကြီးက ဝန်ခံပြောကြားခဲ့သည်ဟု ကနေဒါမီဒီယာများက သတင်းဖော်ပြသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍  ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူဂျန်ရှုအန်က မီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နည်းပညာကုမ္ပဏီဟွာဝေး၏ ဘဏ္ဍာရေး အကြီးအကဲအား ကနေဒါအာဏာပိုင်များက ဖမ်းဆီးခဲ့သည့်အချိန်မှစပြီး တရုတ်နှင့်ကနေဒါနှစ်နိုင်ငံဆက်ဆံရေး အေးစက်ခဲ့သည်။ အမေရိကန်၏ တောင်းဆိုချက်အရ ကနေဒါအာဏာပိုင်များက   ဟွာဝေးကုမ္ပဏီဘဏ္ဍာရေးအကြီးအကဲ   မန်ဝမ်ဇူးအား  ဒီဇင်ဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့သည်။

မန်ဝမ်ဇူးသည်   အီရန်နိုင်ငံနှင့်  ကုန်သွယ်မှုဆိုင်ရာ  ဆက်နွှယ်ပတ်သက်မှုများရှိသည်ဟု   အမေရိကန်က စွပ်စွဲလျက်ရှိသည်။ မန်ဝမ်ဇူး၏ရှေ့နေများက ၄င်းအား အမေရိကန်သို့ လွှဲပြောင်းပေးမည့် လုပ်ငန်းစဉ်များကိုရပ်ဆိုင်းပေးပါရန် ကနေဒါအာဏာပိုင်များကိုတောင်းဆိုလျက်ရှိသည်။

အေအက်ဖ်ပီ