တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရာထူးမှနှုတ်ထွက်

၁၄ စက်တင်ဘာ

 

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် တယ်ရီဘရန်းစတပ် နှုတ်ထွက်သွားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဒီနေ့(တနင်္လာနေ့)မှာ ကြေညာပါတယ်။ ကမ္ဘာ့အင်အားကြီး စီးပွားနှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ တိုးနေချိန်မှာ သံအမတ်ရာထူးမှ နှုတ်ထက်သွားတာဖြစ်ပါတယ်။ 

 

နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာ ဘရန်းစတပ်ကို ကျေးဇူးတင်ကြောင်း၊ အမေရိကန်-တရုတ်ကြားမှာ ထိန်းညှိပေးတာတွေ ရလဒ်ကောင်းတွေအတွက် ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။ 

 

ဘာကြောင့် သံအမတ်ရာထူးကနေ နှုတ်ထွက်တယ်ဆိုတာကို ရှင်းရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။  တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပွန်ပီအိုရဲ့ တွစ်တာမှာ ရေးသားထားတာကို တွေ့ရပေမယ့် သံအမတ်ရဲ့ နှုတ်ထွက်လွှာ ရရှိခြင်းမရှိသေးကြောင်း ပြောပါတယ်။ 

 

အသက် ၇၃ နှစ်အရွယ် ဘရန်းစတပ်ဟာ အိုင်အိုဝါပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အနှစ် ၂၀ ကျော် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ရာထူးကို ၂၀၁၇ ခုနှစ် မေလမှာ စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးတင်းမာမှု၊ ဒေသဆိုင်ရာ အချုပ်အခြာကိစ္စ၊  ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ဟောင်ကောင်က မငြိမ်သက်မှုတွေကြားမှာ မစ္စတာ ဘရန်းစတပ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

 

၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့်ကို သမ္မတဖြစ်ရေးထောက်ခံခဲ့တဲ့အတွက် ရွေးကောက်ပွဲအပြီးမှာ ထရမ့်က ဘရန်းစတပ်ကို သံအမတ်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီချိန်က ထရမ့်က ဘရန်းစတပ်ဟာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေကို သိပ်နားလည်တဲ့လူဖြစ်တယ်လို့ ချီးမွမ်းစကားဆိုခဲ့ပါတယ်။ 

 

ဘရန်းစတပ်ဟာ သမ္မတ ရှီနဲ့ ၁၉၈၀ ခုနှစ်ကစပြီး ခင်မင်ခဲ့ကြောင်း သိရပါတယ်။ 

 

MDN
ကိုကား- AFP