ပရေဗန် ဒီဇင်ဘာ ၈
တရုတ်နိုင်ငံ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် မျက်စိရေတိမ်ကြောင့် အမြင်အာရုံဆုံးရှုံးခြင်းမှ ကုသရေးစီမံချက်အား ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း ပရေဗန်ပြည်နယ်၌ ဒီဇင်ဘာ ၆ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ GX Foundation မှ ထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် အဆိုပါစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးအထူးတင်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Yim Chhay Ly က ပြောကြားသည်။ ယခုစီမံချက်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်း မျက်စိရေတိမ်ဝေဒနာရှင်များအား အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်ပေးရန်အတွက် ရည်မှန်းချက်ထားရှိဆောင်ရွက်သောကြောင့် မျက်စိရေတိမ်ဝေဒနာရှင် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း ၎င်းက ပြောကြားသည်။
အထက်ပါစီမံချက်အရ ပရေဗန် ပြည်နယ်ဆေးရုံတွင် မျက်စိရေတိမ် ရောဂါကုသရေးစင်တာနှစ်ခုကို ဖွင့်လှစ်ခဲ့ပြီး တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆရာဝန်များ ပူးပေါင်း၍ မျက်စိရေတိမ်ရောဂါအခမဲ့ခွဲစိတ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုဆောင်ရွက်သည့် မျက်စိရေတိမ်ဝေဒနာရှင်များအား ကုသပေးသည့်စီမံချက်သည် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေသည့်အနာဂတ်တို့ကို ထင်ဟပ်စေခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ၂၀၁၉ ခုနှစ်အတွင်းကလည်း တရုတ်နိုင်ငံမှ အကူအညီဖြင့် ကမ္ဘောဒီးယားနိုင်ငံ ကန်ပေါင်ချန်ပြည်နယ်ရှိ မျက်စိရေတိမ်ဝေဒနာရှင် ၆၀၀၀ ကျော်ကို ပထမအကြိမ်အဖြစ် ကုသပေးခဲ့ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီး မန်ဗန်ဟန်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ