တရုတ်နိုင်ငံက ဂြိုဟ်တုသစ်ခုနစ်လုံးအား အောင်မြင်စွာလွှတ်တင်

ပေကျင်း မတ် ၆

တရုတ်နိုင်ငံသည် နိုင်ငံတောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီကျန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာမှတစ်ဆင့် အာကာသအတွင်းသို့ မတ် ၅ ရက်တွင် ဂြိုဟ်တုသစ်ခုနစ်လုံးကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း ယနေ့ ဆင်ဟွာသတင်းတစ်ရပ်က ဖော်ပြထားသည်။

ပေကျင်းအခြေစိုက် Galaxy Space မှ ထုတ်လုပ်သည့် ဂြိုဟ်တုခြောက်လုံးနှင့် အဝေးထိန်းအာရုံခံစနစ် ပါရှိသည့် စီးပွားရေးဆိုင်ရာ ဂြိုဟ်တုတစ်လုံးတို့ကို မတ် ၅ ရက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁ မိနစ်တွင် Long March - 2 ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ စီစဉ်ထားသည့် ပတ်လမ်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါလွှတ်တင်ခဲ့သည့် ဂြိုဟ်တုများသည် ပတ်လမ်းနိမ့်အင်တာနက်ကြယ်စင်စု၏ ကွန်ရက်ချိတ်ဆက်မှု နည်းပညာနှင့် ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်များကို စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံ၏ ယခုဂြိုဟ်တု လွှတ်တင်မှုသည် Long March အမျိုးအစား ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံများ၏ အကြိမ် ၄၁၀ မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်