တရုတ်နိုင်ငံက လှူဒါန်းသော ငလျင်ဒဏ်ကယ်ဆယ်ရေးပစ္စည်း ဒုတိယအသုတ် အာဖဂန်နစ္စတန်သို့ ရောက်ရှိ

ကဘူးလ် ဇွန် ၂၉

 

တရုတ်အစိုးရက လှူဒါန်းထားသည့် အာဖဂန်ငလျင်ဒဏ်ကယ်ဆယ်ရေးပစ္စည်း ဒုတိယအသုတ်သည် ယမန်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး အာဖဂန်အာဏာပိုင်များ၏ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

တရုတ်ကုန်တင်လေယာဉ်နှစ်စင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ဇွန် ၂၈ နံနက်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တာလီဘန်ဦးဆောင်သောအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

 

မကြာသေးမီရက်များက အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ဘက်တွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၀၀၀ ကျော်သေဆုံးပြီး ၂၀၀၀ နီးပါးဒဏ်ရာရရှိကာ အိမ်ခြေသောင်းနဲ့ချီ ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ လှူဒါန်းထားသည့်ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီသည် ဇွန် ၂၇ ရက်ညပိုင်းက အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ယင်းလှူဒါန်းပစ္စည်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို  အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ယူနှင့် တာလီဘန်အုပ်စု ဦးဆောင်သော ကြားဖြတ်အစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှုရေးရာခေတ္တ ဝန်ကြီး ဂူလမ်ဂေါစ်နာစရီတို့ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် သံအမတ်ဝမ်ယူက တရုတ်အစိုးရသည် ကာလတန်ဖိုးတရုတ်ယွန်သန်း ၅၀ ရှိ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို အာဖဂန်နစ္စတန်နိုင်ငံအား ပံ့ပိုးပေးရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။ 

 

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ ပထမအသုတ်လှူဒါန်း ပစ္စည်းများတွင် ရွက်ဖျင်တဲများ၊ ခေါက်ကုတင်များနှင့် စောင်များပါဝင်ကြောင်း သိရသည်။

 

ထို့အပြင် တရုတ်အစိုးရသည် လာမည့်သုံးရက်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နောက်ထပ်လေယာဉ်ခြောက်စင်းဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

တစ်ချိန်တည်းမှာပင် အာဖဂန်ဝန်ကြီးနာစရီက အာဖဂန်နစ္စတန်နိုင်ငံတွင် ငလျင်ဒဏ်သင့်ခဲ့ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ ပံ့ပိုးပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ယင်းလုပ်ရပ်သည် နှစ်နိုင်ငံပြည်သူများအကြား သက်တမ်းရှည်ကြာသော ချစ်ကြည်ရင်းနှီးမှုကို ပြသခဲ့ကြောင်း ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ