တရုတ်နိုင်ငံမှ CoronaVac ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိ 

mdn

 

မနီလာ ဩဂုတ် ၁၃ 

 တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှထုတ်လုပ်သည့် CoronaVac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဖိလစ်ပိုင်နိုင်ငံသို့ ဩဂုတ် ၁၂ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအား တရုတ်နိုင်ငံမှ CoronaVacကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမဆုံးအသုတ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လှူဒါန်းပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို မတ် ၁ ရက်တွင် စတင်ဆောင် ရွက်နိုင်ခဲ့သည်။ 

လက်ရှိအချိန်အထိ ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၄ သန်းကျော်ကို ထိုးနှံပေးနိုင်ခဲ့ပြီး နိုင်ငံအတွင်းရှိ လူပေါင်း ၁၁ ဒသမ ၄ သန်းကျော်မှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံပြီးစီးပြီ ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် ယခုနှစ်အတွင်း နိုင်ငံသား သန်း ၇၀ ကို ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်ရှိပြီး အဆိုပါရောဂါကြောင့် ၂၉၅၃၉ ဦး သေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ