တရုတ်နိုင်ငံမှ တင်ပို့ကုန်များကို နောက်ထပ်အမေရိကန်ဒေါ်လာ ၃၀ဝ ဘီလီယံဖိုး အခွန်တိုးကောက်မည်ဟု အမေရိကန်ကြေညာ

ဝါရှင်တန် ၃ သြဂုတ်

တရုတ်နိုင်ငံအပေါ် ပြစ်ဒဏ်ပေးသည့် အခွန်တိုးကောက်ခံမှုအနေဖြင့် တရုတ်တင်ပို့ကုန်များကို နောက်ထပ် အမေရိကန်ဒေါ်လာ ၃၀ဝ ဘီလီယံဖိုး အခွန်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သြဂုတ် ၁ ရက်တွင် ကြေညာလိုက်ကြောင်း သိရသည်။

အမေရိကန်၏ ထိုသို့လုပ်ဆောင်မှုက ကုန်သွယ်ရေးစစ်ပွဲအတွက် မှားယွင်းသော နည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံက သတိပေးခဲ့သည်။

တင်ပို့ကုန်များအပေါ် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးခန့်ရှိ တင်ပို့ကုန်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် ကောက်ခံမှု စတင်လုပ်ဆောင်နေပြီ ဖြစ်သည့်အပြင် ၁၀ ရာခိုင်နှုန်း အခွန်တိုးကောက်ခံမှုမှာလည်း စက်တင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်လာတော့မည်ဖြစ်သည်။

၁၀ ရာခိုင်နှုန်း အခွန်တိုးကောက်ခံမှုသည် ကာလတိုအတွက်ဖြစ်ပြီး ၎င်းအနေဖြင့် အခွန်တိုးကောက်ခံမှုကို လိုအပ်သလို အလျော့အတင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတထရမ့်က အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း အမေရိကန်နှင့် တရုတ်ခေါင်းဆောင်နှစ်ဦးတို့ ရှန်ဟိုင်း၌ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ နောက်အကျော့ ဆွေးနွေးပွဲများကို လာမည့်စက်တင်ဘာလ အစောပိုင်းတွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခွန်တိုးမြှင့်ကောက်ခံမှုများ လုပ်ဆောင်နေခြင်းသည် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပွတ်တိုက်မှုများကို ဖြေရှင်းနိုင်မည့် မှန်ကန်သည့်နည်းလမ်း မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဗန်ကောက်၌ ကျင်းပသည့် အာဆီယံဒေသအတွင်း အစည်းအဝေးပြင်ပ၌ ပြောကြားခဲ့သည်။

အေအက်ဖ်ပီ