တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိသည့် နှစ်လအကြာတွင် ပြည်တွင်းကူးစက်မှုများ ပြန်လည်ဖြစ်ပွား

ပေကျင်း  ၁၄  အောက်တိုဘာ

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ နှစ်လတိုင်တိုင် တွေ့ရှိခဲ့ခြင်းမရှိသည့်နောက် ပြည်တွင်းကူးစက်မှုများ ပထမဆုံးအကြိမ် ထပ်မံတွေ့ရှိခဲ့ကြောင်း တရုတ်ကျန်းမာရေး တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ရှန်ဒေါင်းခရိုင် ကွမ်ကျိုးမြို့၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်ဦး စစ်ဆေးတွေ့ရှိခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူများအား သြဂုတ် ၁၅ ရက်တွင် နောက်ဆုံးအကြိမ်တွေ့ရှိခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ်ကူးစက် ခံရသူများသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

ယခုစစ်ဆေးတွေ့ရှိသူများသည်သြဂုတ် ၁၅ ရက်တွင် တွေ့ရှိခဲ့သည့် ပြည်တော်ပြန်ရောဂါကူးစက်ခံရသူများနှင့် ပတ်သက်မှုမရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

ဒေသန္တရအာဏာပိုင်များက ဒေသခံပြည်သူ ကိုးသန်းခန့်ကို ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ပြည်သူ သုံးသန်းကျော်အား ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပြီးစီးခဲ့သည်။

အဆိုပါ ရောဂါတွေ့ရှိသူ ခြောက်ဦးသည် ဆေးရုံတစ်ရုံတည်းသို့ သီးခြားစီသွားခဲ့ကြောင်း စစ်ဆေးချက်များအရ သိရသည်။ ထို့ကြောင့် ၎င်းတို့နေထိုင်ရာ ဝန်းကျင်နေရာများတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ထပ်မံတွေ့ရှိ လာနိုင်သည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်