တရုတ်နိုင်ငံ၌ ဒီဇင်ဘာလနှောင်းပိုင်းက ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု ခုနစ်သန်းနီးပါးရှိ

ဇန်နဝါရီ ၂၆

 

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူပေါင်း ၆ ဒသမ ၉၄ သန်းရှိကြောင်း ပြီးခဲ့သည့်လနှောင်းပိုင်းက ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပြောကြားထားသည်။

 

ထိုရောဂါကူးစက်မှုသည် ဒီဇင်ဘာ ၂၂ ရက်က ကူးစက်မှုအရေအတွက်အမြင့်မားဆုံးဖြစ်ခဲ့သော်လည်း ဇန်နဝါရီ ၂၃ ရက်က ကူးစက်ခံရသူဦးရေ ၁၅၀၀၀ အောက် လျော့ကျခဲ့သည်ဟု ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

နိုင်ငံအတွင်း၌ ကိုဗစ်ရောဂါဆိုင်ရာစည်းမျဉ်းများဖြေလျှော့ပေးပြီးနောက် နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်မှုများ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်ဟု ယူဆကြောင်းဖော်ပြထားသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ထိုရောဂါကူးစက်ခံပြီးသူများဖြစ်ကြောင်း စီဒီစီကျွမ်းကျင်သူတစ်ဦးက ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားသည်။

 

ဇန်နဝါရီ ၄ ရက်က ၄၂၇၃ ဦး သေဆုံးခဲ့ရာ ဆေးရုံများပေါ်တွင် ထိုရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူဦးရေ မြင့်မားလာခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ၈၉၆ ဦး သေဆုံးခဲ့သည်ဟု စီဒီစီက ဆိုသည်။

 

ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း ယင်းရောဂါဖြင့် သေဆုံးသူ ၇၂၅၉၆ ဦး ရှိကြောင်း စီဒီစီက ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါကိန်းဂဏန်းဖော်ပြချက်တွင် နေအိမ်၌သေဆုံးသူများမပါရှိသောကြောင့် အမှန်တကယ် သေဆုံးမှုအရေအတွက်သည် ပိုမိုမြင့်မားနိုင်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို