တရုတ်နိုင်ငံ၌ ကိုဗစ်မျိုးကွဲ ဘီအေ-၅ အမျိုးအစား ကူးစက်မှုပိုမိုများပြားလာ

ဇူလိုင် ၇

 

တရုတ်နိုင်ငံ ပေကျင်းနှင့်ရှီအန်းမြို့များရှိ ကျန်းမာရေးတာဝန်ရှိသူများသည် အိုမီခရွန်မျိုးကွဲ ဘီအေ-၅ အမျိုးအစား ကူးစက်မှုများထပ်မံဖြစ်ပွားနေကြောင်း ယခုသီတင်းပတ်တွင် အတည်ပြုခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် အစီအမံများမြှင့်တင်လုပ်ဆောင်လျက်ရှိသည်။

 

ပေကျင်းမြို့ရှိတာဝန်ရှိသူများက ၎င်းဒေသတွင် ကိုဗစ်မျိုးကွဲ ဘီအေ-၅ အမျိုးအစားကူးစက်ခံရသူ သုံးဦးရှိသည်ဟု ပြောကြားခဲ့သည်။

 

အာဏာပိုင်များက ပြတိုက်များ၊ ရုပ်ရှင်ရုံများနှင့် အားကစားရုံများကဲ့သို့သော လူစုလူဝေးများရှိရာနေရာများသို့ ဇူလိုင် ၁၁ ရက်မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူများသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သဖြင့် ဒေသခံများအား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းပြောကြားထားသည်။

 

ချန်ရှီပြည်နယ် ရှီအန်းမြို့ရှိ တာဝန်ရှိသူများက ထိုဒေသတွင် ယခုလ လက်ရှိအချိန်အထိ ကိုဗစ်မျိုးကွဲ ဘီအေ-၅ အမျိုးအစားကူးစက်ခံရသူအပါအဝင် ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၃၀ ခန့်ရှိကြောင်း အတည်ပြုပြောကြားသည်။

 

တာဝန်ရှိသူများက ကိုဗစ်ရောဂါထပ်မံကူးစက်မှုများကြောင့်  တစ်မြို့လုံးတွင် ဖျော်ဖြေပွဲနေရာများ ပိတ်ထားရန်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ဗုဒ္ဓဟူးနေ့မှစတင်ကာ သီတင်းတစ်ပတ်ကြာ ရပ်ဆိုင်းထားရန်အစီအမံများ  ချမှတ်ခဲ့သည်။

 

ရှီအန်းမြို့၏အာဏာပိုင်များက ၎င်းမြို့တွင် ကိုဗစ်မျိုးကွဲများ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ ယခုနှစ် ဇန်နဝါရီအထိ   လော့ဒေါင်းတင်းကျပ်စွာ ချမှတ်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို