တရုတ်နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ခြောက်ဦးထက်မနည်း သေဆုံး၊ ၁၂ ဦး ပျောက်ဆုံးနေ

 

ပေကျင်း ဇူလိုင် ၁၉

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် ခြောက်ဦးထက်မနည်း သေဆုံးကာ ၁၂ ဦး ပျောက်ဆုံးနေကြောင်း အင်န်အိတ်ချ်ကေသတင်း တစ်ရပ်အရ သိရသည်။

 

စီချွမ်းပြည်နယ် ဘေချွန်းဒေသ၌ သောကြာနေ့နှင့် စနေနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရွှံ့ညွန်များ ပြိုကျခဲ့ရာ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့်အတွက် လူပေါင်း ၂၂၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

 

ရေကြီးရေလျှံမှုကြောင့် အဆိုပါ ဒေသတစ်လျှောက် လမ်းများအပါအဝင် အခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးမှုဖြစ်ခဲ့သည့်အပြင် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း တနင်္လာနေ့မှ သောကြာနေ့အထိ ကျန်စုပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ မှုဖြစ်ပွားကာ ခြောက်ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

တရုတ်အစိုးရသည် ဇူလိုင်လ နှင့် ဩဂုတ်လကြားတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံတစ်ဝန်းမှ ပြည်သူများအနေဖြင့် သတိရှိရှိ နေထိုင်ကြရန် တိုက်တွန်းထားသည်။

 

အင်န်အိတ်ချ်ကေ