တရုတ်နိုင်ငံ၌ သီတင်းပတ်တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂၀၀၀ ကျော်ရှိ

ဇန်နဝါရီ ၂၃

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၁၉ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံတက်ကုသမှုခံယူသူ ၁၂၀၀၀ ကျော်သည် ယင်းရောဂါဖြင့် သေဆုံးခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

တရုတ်နိုင်ငံရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာက ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်နေ့အတွင်း ကိုဗစ်လူနာ ၁၂၆၅၈ ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါသေဆုံးသူများအနက် ၆၈၁ ဦးသည် အသက်ရှုလမ်းကြောင်းဆိုင်ရာချို့ယွင်းမှုဖြင့် သေဆုံးခဲ့ပြီး ၁၁၉၇၇ ဦးသည် နောက်ဆက်တွဲရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးခဲ့သည့်သေဆုံးသူဦးရေကို ခုနစ်ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ဇန်နဝါရီ ၁၁ ရက် နှစ်သစ်ကူးအားလပ်ရက်စတင်ချိန်မှစပြီး တရုတ်ပြည်သူများသည် မွေးရပ်မြေများသို့ အလည်အပတ်ခရီးများထွက်ခွာခဲ့ကြရာ ကျေးလက်ဒေသများတွင် ထိုရောဂါကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်မားလာကြောင်း ဖော်ပြထားသည်။

တရုတ်အစိုးရက နှစ်သစ်ကူးအားလပ်ရက်မတိုင်မီနှင့်အားလပ်ရက်အပြီး ရက်ပေါင်း ၄၀ အတွင်း ခရီးစဉ်ပေါင်း ၂ ဒသမ ၁ ဘီလီယံ ရှိနိုင်ရန် ‌မျှော်မှန်းထားသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို