တရုတ်နိုင်ငံ၌ကိုဗစ်-၁၉ရောဂါစည်းမျဉ်းများဖြေလျှော့ပြီးနောက် တရုတ်ခရီးသွားများ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့လာရောက်လည်ပတ်

ဇန်နဝါရီ ၂၃

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ယမန်နေ့က စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ်ရောက်ရှိလာသော တရုတ်ခရီးသွားများအား အင်ဒိုနီးရှားနိုင်ငံက ပြန်လည်လက်ခံကြိုဆိုခဲ့ကြသည်။

အဆိုပါတရုတ်ခရီးသွားများသည် ကိုဗစ်-၁၉ ရောဂါစည်းမျဉ်းများဖြေလျှော့ပြီးနောက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ လာရောက်လည်ပတ်ခြင်းဖြစ်သည်ဟုသိရသည်။

 တရုတ်နိုင်ငံတောင်ပိုင်းမှတရုတ်ခရီးသွားဦးရေ ၂၁၀ ပါရှိသော လေယာဉ်သည် ယမန်နေ့က ဒေသစံတော်ချိန် ၁၀ နာရီ ၄၀ မိနစ်တွင် ဘာလီရှိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဘာလီအုပ်ချုပ်ရေးမှူးကို့စ်တာက ထိုတရုတ်ခရီးသွားများအား ဒေသရိုးရာအကများ၊ သီချင်းများဖြင့်ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

ဘာလီသို့တရုတ်ခရီးသွားများ‌ရောက်ရှိလာသည်နှင့်အမျှ ဘာလီတွင် ခရီးသွားလုပ်ငန်းပြန်လည်တိုးတက်လာမည်ဟု ၎င်းအနေဖြင့် အခိုင်အမာယုံကြည်ကြောင်း ကို့စ်တာကပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့နှစ်ပေါင်းများစွာလာရောက်သည့်ခရီးသွားများတွင် တရုတ်ခရီးသွားများ အများဆုံးဖြစ်ပြီး တရုတ်ခရီးသွားဦးရေ ၁ ဒသမ ၄ သန်းအထိရှိသည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို