တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂတို့က ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် သဘောတူညီ

ပေကျင်း ဧပြီ ၂၆

 

တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစည်းတို့သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး  ပူးတွဲကြိုးပမ်းမှုများ လုပ်ဆောင်ရန် ဧပြီ ၂၅ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

 

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တရုတ်နိုင်ငံရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းမှ ဌာနေညှိနှိုင်းရေးမှူး ချက်တာဂျီတို့တွေ့ဆုံစဉ် အထက်ပါအတိုင်း သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

 

အလွန်အလေးထား

 

ကုလသမဂ္ဂသည် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိက ပလက်ဖောင်းဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလွန်အလေးထားပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မှတ်ချက်ပြုပြောကြား ခဲ့သည်။

 

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့်  ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး ကုလသမဂ္ဂနှင့်အတူတကွ လက်တွဲ လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်းလည်း  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။

 

အဆိုပါ  ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပဏာမ ခြေလှမ်းကို နိုင်ငံပေါင်း ၁၀၀ ကျော်က ထောက်ခံကြောင်းနှင့် နိုင်ငံပေါင်း ၅၀ ကျော်သည် တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂတို့ တည်ထောင်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပဏာမ ခြေလှမ်း၏ မိတ်ဖက်နိုင်ငံများအဖွဲ့သို့  ပူးပေါင်းလာခဲ့ပြီးဖြစ်ကြောင်း ဝမ်ယိက ဆက်လက်ပြောကြားသည်။

 

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပဏာမခြေလှမ်းသည် ကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်အား အကောင်အထည်ဖော်ရာတွင်  အရေးပါကြောင်းလည်း တရုတ်နိုင်ငံရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းမှ ဌာနေ ညှိနှိုင်းရေးမှူး ချက်တာဂျီက အလေးထားပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်