တရုတ်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ချင်းတောင်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆ ဦးရှိပြီး တစ်မြို့လုံးကို ၅ ရက်အတွင်း ပိုးစစ်ဆေး ပြီးစီး

၁၂ အောက်တိုဘာ

 

တရုတ်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ ချင်းတောင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုရှိခဲ့တဲ့အတွက် မြို့မှာ နေထိုင်သူအားလုံးကို ၅ ရက်အတွင်း စစ်ဆေးပြီးစီးကြောင်း ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတွေက ဒီနေ့ (တနင်္လာနေ့) မှာ ထုတ်ပြန် ပြောဆိုပါတယ်။

 

လူဦးရေ ၉ ဒသမ ၄ သန်းနေထိုင်တဲ့ ချင်းတောင်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ၆ ဦးရှိပြီးနောက် မြို့ခံအားလုံးကို ၅ ရက်အတွင်း ပိုးစစ်ဆေးခဲ့ပြီးကြောင်း သိရပါတယ်။  ၆ ဦးမြောက်ဗိုင်းရပ်စ်ပိုး တွေ့ရှိသူကို တနင်္ဂနွေနေ့က တွေ့ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ချင်းတောင်ရှိ မြို့နယ် ၅ ခုကို သုံးရက်အတွင်း ဗိုင်းရပ်စ်ပိုးစစ်ဆေးနိုင်ပြီး တစ်မြို့လုံးကို ငါးရက်အတွင်းစစ်ဆေးနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပေမယ့် လူဦးရေအတိအကျကို ဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေဟာ နိုင်ငံခြားကနေ ပြန်လာတဲ့သူတွေကို ကုသပေးနေတဲ့ ချင်းတောင်မြို့ရှိ ဆေးရုံနဲ့ ပတ်သက်ကြောင်း သိရပါတယ်။ ဆေးရုံမှ ကျန်းမာရေးဌာနမှ လုပ်သားတွေနဲ့ ပိုးတွေ့သူတွေအပါအဝင် စုစုပေါင်း ၁၄၀,၀၀၀ ကျော်ကို  စစ်ဆေးပြီးကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

တရုတ်နိုင်ငံရဲ့ လမုန့်ပွဲတော်မှာ လူဦးရေ ၄ ဒသမ ၄၇ သန်း ခရီးသွားလာကြောင်း ချင်းတောင်ရဲ့ ယဉ်ကျေးမှုနဲ့ ခရီးသွားဌာနရဲ့ စာရင်းအရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်ရာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈၅,၅၇၈ ဦးရှိပြီး သေဆုံးသူ ၄,၆၃၄ ဦး ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP