တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ နှစ် ၇၀ အတွင်း အနည်းဆုံးဖြစ်နေ

၁၇ ဇန်နဝါရီ

 

တရုတ်နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကလေးမွေးဖွားနှုန်းဟာ အနိမ်ဆုံးအထိ ကျဆင်းနေတဲ့အတွက် သက်ကြီးလူမှု အသိုင်းအဝိုင်းနဲ့ အလုပ်လုပ်နိုင်စွမ်းအားအတွက် စိုးရိမ်မှုတွေ ဖြစ်လာရပါတယ်။

 

လူဦးရေ ကျဆင်းမှု မဖြစ်အောင် တရုတ်အစိုးရက ၂၀၁၆ ခုနှစ်ကစပြီး မိသားစုတစ်စုလျှင် ကလေးတစ်ယောက်သာ မွေးဖွားခွင့်ပြုထားရာကနေ ကလေးနှစ်ယောက်အထိ မွေးဖွားခွင့် ပေးခဲ့ပေမယ့် မွေးဖွားနှုန်းဟာ သိသာတဲ့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

 

ကလေးမွေးဖွားနှုန်းဟာ သုံးနှစ်ဆက်တိုက် ကျဆင်းလာတာဖြစ်ပါတယ်။ မွေးဖွားနှုန်းကျဆင်းမှုဟာ ၁၉၄၉ ခုနှစ် ကစပြီး ၂၀၁၉ ခုနှစ်ဟာ အနည်းဆုံးနှစ်လို့တောင် ဆိုနိုင်ပါတယ်။

 

၂၀၁၉ ခုနှစ်မှာ ကလေး ၁၄.၆၅ သန်း မွေးဖွားပြီး၊ ၂၀၁၈ ခုနှစ်မှာ ၁၅.၂၃ သန်း နဲ့ ၂၀၁၇ ခုနှစ်မှာ ၁၇.၂၃ သန်း မွေးဖွားခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၉ ခုနှစ်ဟာ မွေးဖွားနှုန်း ကျဆင်းခဲ့ပေမယ့် (၂၀၁၉)နှစ်ကုန် သန်းခေါင်စာရင်းအရ တရုတ်နိုင်ငံမှာ လူဦးရေ ၁.၄ ဘီလီယံအထိ ရှိလာရာ ၂၀၁၈ ခုနှစ် သန်းခေါင်စာရင်းထက် လူဦးရေ ၄.၆၇ သန်း တိုးလာကြောင်း တွေ့ရ ပါတယ်။

 

အလုပ်လုပ်ကိုင်နိုင်တဲ့ (အသက် ၁၆ - ၅၉ နှစ်) လူဦးရေဟာ ၂၀၁၈ ခုနှစ်ထက် လျော့နည်းတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်တွင် အလုပ်လုပ်နိုင်တဲ့လူဦးရေ ၈၉၇.၃ သန်းရှိခဲ့ပေမယ့် ၂၀၁၉ မှာတော့ ၈၉၆.၄ သန်းသာရှိကြောင်း သိရပါတယ်။

 

အလုပ်လုပ်နိုင်တဲ့လူဦးရေဟာ ရှစ်နှစ်ဆက်တိုက် ကျဆင်းလာတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၅၀ အရောက်မှာ အလုပ်လုပ်နိုင်သူ ဦးရေ ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

တရုတ်နိုင်ငံမှာ မိသားစုဦးရေ ကန့်သတ်မှုဖယ်ရှားပေးထားပေမယ့် နေထိုင်မှုစရိတ်ကြီးမားလာခြင်းဟာ ကလေးမွေးဖွားနှုန်းကို အဟန့်အတားဖြစ်နေပါတယ်။

 

တရုတ်နိုင်ငံရဲ့စီးပွားရေး တိုးတက်နှုန်းဟာ ၂၀၁၉ ခုနှစ်တွင် ၆.၁ ရာခိုင်နှုန်းသာရှိတဲ့အတွက် ၁၉၉၀ ပြည့်နှစ်များကနေ စပြီးလေ့လာရင် ၂၀၁၉ ခုနှစ်ဟာ စီးပွားရေးတိုးတက်မှု အနည်းဆုံးနှစ်လို့ ပြောနိုင်ပါတယ်။

MDN

ကိုးကား - AFP