ပေကျင်း   ဇွန်   ၂၈

တရုတ်နိုင်ငံသည်  နိုင်ငံအတွင်းရှိ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကျေးရွာများနှင့် အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များကို မြှင့်တင်မည်ဖြစ်ကြောင်း အိမ်ရာလုပ်ငန်းဆိုင်ရာ  တာဝန်ရှိသူတစ်ဦးက ဇွန် ၂၈ ရက်တွင် ပြောကြားသည်။

အဆိုပါအဆောက်အအုံများအား အရည်အသွေးမြင့် ကာကွယ်ခြင်းနှင့် ပိုမိုအားကောင်းသော နည်းပညာပံ့ပိုးမှုပေးနိုင်ရန်အတွက် အသေးစိတ်ကျသော နည်းပညာစံနှုန်းများကို ရေးဆွဲသင့်ကြောင်း အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးရေးလက်ထောက်ဝန်ကြီး ကွမ်ဟိုင်ဇင်းက  ပြောကြားခဲ့သည်။

ရိုးရာရွာများနှင့် အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သည့် တရုတ်နိုင်ငံမြို့ပြ စီမံကိန်းရေးဆွဲရေးအသင်း၏ ဌာနခွဲတစ်ခုတည်ထောင်ခြင်း  အထိမ်းအမှတ်အဖြစ် ပေကျင်းတွင် ကျင်းပသော အစည်းအဝေးတွင် ၎င်းက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ကာလအတွင်း ဗဟိုအစိုးရရန်ပုံငွေဖြင့် ရိုးရာရွာများအတွက် ခေါင်းစဉ်အလိုက် ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်များ တည်ဆောက်ရာတွင် ခိုင်မာသောအုတ်မြစ် များ၊ ခိုင်မာသောဦးဆောင်မှုနှင့် ထူးခြားသော ဒေသဆိုင်ရာလက္ခဏာများဖြင့် ရွေးချယ်သတ်မှတ်ထားသည့် ခရိုင်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး အမျိုးသားအဆင့် ယဉ်ကျေးမှုဆိုင်ရာအမှတ်တံဆိပ်များစွာ ဖန်တီးရန် ရည်ရွယ်ချက်ဖြင့်   ယခုကဲ့သို့  ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ