တရုတ်နိုင်ငံရှိ တောင်ပေါ်မာရသွန်အပြေးပြိုင်ပွဲ၌ ရာသီဥတုဆိုးရွားမှုကြောင့် ပြိုင်ပွဲဝင် ၂၁ ဦးသေဆုံး

ပေကျင်း  ၂၄ မေ

တရုတ်နိုင်ငံ အနောက်မြောက်ဘက်ပိုင်းတွင် တောင်ပေါ်မာရသွန်အပြေးပြိုင်ပွဲ၌ ရာသီဥတုဆိုးရွားမှုကြောင့် ပြိုင်ပွဲဝင် ၂၁ ဦး သေဆုံးကြောင်း သိရသည်။

ကီလိုမီတာ၁၀၀ရှိသောမာရသွန်အပြေးပြိုင်ပွဲ ကိုဂန်ဆူစီရင်စုရှိ ဘေယင်မြို့၌ ကျင်းပခြင်းဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ၁၇၂ ဦးရှိကြောင်း သိရသည်။ အဆိုပါဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀ ကျော်တွင် တည်ရှိသည်။

လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးသီးများကျဆင်းမှုတို့ကြောင့် ပြိုင်ပွဲကိုရပ်ဆိုင်းခဲ့ရပြီး ပြိုင်ပွဲဝင်ကစားသမားအချို့လည်း ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ အဖျားဝေဒနာခံစားရမှုကြောင့် လှုပ်ရှားမှုမပြုနိုင်သော ပြိုင်ပွဲဝင်ကစားသမားများအား ကယ်ဆယ်ရေးအဖွဲ့များကလိုက်လံရှာဖွေကယ်ဆယ် လျက်ရှိသည်။ သို့ရာတွင် ရေခဲမှတ်နီးပါးရောက်ရှိနေ သည့် အအေးဒဏ်ကြောင့် ပြိုင်ပွဲဝင်ကစားသမား ၂၁ ဦးသည် ကိုယ်အပူချိန်အလွန်အမင်းကျဆင်းကာ သေဆုံးခဲ့သည်။

အဆိုပါပြိုင်ပွဲကိုကြီးမှူးကျင်းပသည့်ဒေသန္တရ အစိုးရအဖွဲ့က နေ့အပူချိန် ၁၉ ဒီဂရီစင်တီဂရိတ် ရှိခြင်းကြောင့် အားကစားသမားများအား ရာသီဥတုအခြေအနေနှင့်ပတ်သက်၍ သတိပေးခဲ့ခြင်း မရှိသဖြင့် ပြိုင်ပွဲဝင် ကစားသမားများသည် ပါးလွှာသောအင်္ကျီများကိုသာ ဝတ်ဆင်ကာ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန်- အောင်ကျော်ကျော်