တရုတ်နိုင်ငံသို့ စိန်တစ်လုံးသရက်သီးတင်ပို့ရာတွင် ပုံမှန်စျေးကွက်ရှိနေသော်လည်း မိုးရာသီ လမ်းအခြေအနေနှင့် ပစ္စည်းအဝင်များသောကြောင့် စျေးရနည်းလာ 

ရန်ကုန် ဇွန် ၂၁

 

တရုတ်နိုင်ငံသို့ စိန်တစ်လုံး သရက်သီးတင်ပို့ရာတွင် ပုံမှန်စျေးကွက်ရှိနေသော်လည်း မိုးရာသီ လမ်းအခြေအနေနှင့် ပစ္စည်းအဝင်များသောကြောင့် စျေးရနည်းလာကြောင်း နယ်စပ်မှတဆင့် ကုန်များကို တင်ပို့နေသည့် ကုန်သည်များထံမှ  သိရသည်။


ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း၌ စိန်တစ်လုံးသရက်သီး အထွက်ကောင်းသောကြောင့် တင်ပို့ နိုင်သော်လည်း လက်ရှိအနေအထားအရ ပစ္စည်းပေါသည့် အခြေအနေဖြစ်သောကြောင့် စျေးနှုန်း ကျဆင်းမှုလည်းရှိနေကြောင်း သိရသည်။

 

 "ကုန်သွယ်မှုအခြေအနေက တခြားပို့ကုန်တွေကတော့ ရှိပါတယ်။ သရက်သီးတင်ပို့တာကတော့ နည်းသွားပြီ။ အရင်လောက်တော့ မပို့ဖြစ်တော့ဘူး။ ရှမ်းပြည်နယ်က စိန်တလုံးတွေကိုတော့ လက်ရှိ တင်ပိုနေတာရှိသေးတယ်။ စျေးကွက်ရရှိမှုအနေဖြင့် ပုံမှန်ပါပဲ။ တစ်ခြင်းကို ယွမ် ၁၀၀၊ ၁၂၀ လောက် ဖြစ်သွားပြီ။ သရက်သီးစပေါ်တဲ့အချိန်ကတော့ စျေးပိုရခဲ့တာပေါ့။ အခုကတော့ သရက်သီးပေါများတဲ့ ရာသီလည်းဖြစ်သွားပြီဆိုတော့ အရင်လောက် စျေးမရတော့ဘူး။ အခုက မိုးရာသီကာလ လည်းဖြစ်တော့ လမ်းပိတ်တာတွေလည်းရှိတော့ လမ်းမှာကြာတဲ့ အခက်အခဲရှိတာပေါ့"ဟု ကုန်သည် တစ်ဦးက ပြောသည်။

 

ကုန်တင်ပို့ရာတွင် စားရိတ်စကလည်း တက်လာသောကြောင့် ယခင်ကဲ့သို့ တင်ပို့ခြင်းမရှိတော့ပဲ နည်းပါးလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ရှမ်းပြည်နယ်ထွက်စိန်တလုံးသရက်သီးများကို မိုင်းလားလမ်းကြောင်းမှ တင်ပို့ခဲ့သော်လည်း မိုးများသည့်အတွက် လမ်းကြောပိတ်ဆို့မှုကြောင့် ရက်ကြာသည့်အခါ သရက်သီးများ အမှည့်မြန်သည့်အပြင် မိုးရေစိုခြင်းကိုလည်း ကြုံတွေ့ရကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံဘက်တွင်လည်း သရက်သီးများ ပေါပေါများများ ထွက်မည်ဖြစ်သောကြောင့် တင်ပို့ရာတွင် ပိုမိုသတိထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

MT