ရန်ကုန်၊ အောက်တိုဘာ ၁၆
(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့သို့ ထွက်ခွာသွားသည်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့ကို အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ မသန်စွမ်းအားကစားအဖွဲ့တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအား ကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ အတွင်းရေးမှူး၊ အုပ်ချုပ်သူ/ နည်းပြများနှင့် မသန်စွမ်းအား ကစားသမားများ လိုက်ပါသွားကြသည်။
(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူးနှင့် ထိုင်လျက်ဘော်လီဘော အားကစားနည်း (၃) နည်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံဟန်ကျိုးမြို့၌ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်