တရုတ်နှင့် မြန်မာ လျှပ်စစ်စွမ်းအားကဏ္ဍ  ပူးပေါင်းဆောင်ရွက်ခြင်း အောင်မြင်မှုမှတ်တိုင် စိုက်ထူ

ကျောက်ဖြူ  အောက်တိုဘာ  ၁၁    

    
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စက်စတင် လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါစက်ရုံ၌ အောင်မြင်စွာ ကျင်းပသည်။

   ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် က တရုတ် - မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာလိုက်ဖက်ညီပြီး Belt and Road Initiative နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးတို့ကို ရှေ့သို့တွန်းအားပေးခဲ့ ကြပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွက် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ ထုတ်လုပ်မှုစွမ်းရည်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် ကတိပြုထားကြောင်း၊ ယနေ့ နှစ်နိုင်ငံ အကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သော စီမံကိန်းတစ်ခု အနေဖြင့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ ဤစက်ရုံမှ ရခိုင်ပြည်နယ်ရှိ ပြည်သူလူထု၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ကျောက်ဖြူသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသောနေရာဖြစ်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမို တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ ခေတ်သစ်တွင် တရုတ်နိုင်ငံနှင့် မြန်မာကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်နိုင်ရေး မြန်မာ နိုင်ငံရှိကဏ္ဍအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန်နှင့် မျှဝေခံစားနိုင်၍ တောက်ပသော အနာဂတ်အသိုက်အဝန်းကို ပူးပေါင်းတည်ဆောက်သွားရန် ဆန္ဒရှိကြောင်း  ပြောကြားသည်။
    
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပထဝီအနေအထားအရ အရေးပါသော ရခိုင်ပြည်နယ်မှ နိုင်ငံတော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်  ရွှေသဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၂၂ သန်းအသုံးပြု၍ ၁၃၅ မဂ္ဂါဝပ် စွမ်းအား၊ တစ်နှစ်လျှင် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ စက်တပ်ဆင်အင်အားမှာ ၁၅၉ မဂ္ဂါဝပ်ရှိပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့် ဓာတ်အားပေးစက်များအား တပ်ဆင်အသုံးပြု ထားပါကြောင်း၊ ဤစက်ရုံတွင် စွန့်ပစ်အပူကိုပြန်လည်အသုံးပြုခြင်း၊ မြေအောက်ရေအစား ပင်လယ်ရေကိုသာ အသုံးပြုခြင်းစသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာများ ကို အသုံးပြုထားပါကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် GIS ခွဲရုံတပ်ဆင်အသုံးပြုထား၍ ဓာတ်အားစနစ်တည်ငြိမ် စိတ်ချရမှုနှင့် စက်ရုံရေရှည်တည်တံ့မှုရှိမည်ဖြစ်ကြောင်း၊  ကျောက်ဖြူ ၂၃၀ မဂ္ဂါဝပ် ဓာတ်အားခွဲရုံမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ်အားစနစ်အား ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူး သွားနိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံဖြိုးစေနိုင်မည့် အရေးပါသော ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်သဖြင့် စီမံကိန်းကို အောင်မြင်စွာ အကောင် အထည်ဖော်တည်ဆောက်ခဲ့သည့် ပုဂ္ဂိုလ်များအားလုံးက အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။    
    
ယင်းနောက် PowerChina Resources Co.,Ltd ၏ ဥက္ကဌက စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရမှုကို ဗွီဒီယိုကွန်ဖရင့်ဖြင့် ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားသည်။
    
ထို့နောက် ဓာတ်အားပေးစက်ရုံ စက်စတင်လည်ပတ်ခြင်း အခမ်းအနားကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးသန်းထွန်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် ၊ PowerChina Resources Co.,Ltd နှင့် Kyauk Phyu Electric Power Co.,Ltd. တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး  မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
    
ထို့နောက် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပင့်ဖိတ် ထားသော သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူ ကြကာ ဆရာတော်အရှင်သူမြတ်များအား သီတင်းကျွတ်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဓာတ်အားထိန်းချုပ်ခန်း၊ ဓာတ်အားပေးစက်ကြီးများမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူပေးနေမှု ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပေးကာ ဒုတိယဝန်ကြီးက မှတ်တမ်းတင် ဆုတောင်းစကား ရေးသားသည်။
    
အခမ်းအနားအပြီး၌ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့်  တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် နှင့် အလွတ် သဘောတွေ့ဆုံပြီး နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍဆိုင်ရာ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)