တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း သရေကျ

၁၀ စက်တင်ဘာ

 

တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက တရုတ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း သရေပွဲကြုံတွေ့ခဲ့သည်။

 

မြန်မာအသင်းသည် အာဆီယံဒေသတွင်းပြိုင်ဘက် မလေးရှားအသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။ နှစ်ပွဲဆက် ရှုံးနိမ့်ထားသည့် မြန်မာအသင်းသည် နောက်ဆုံးပွဲတွင် သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို ဝေဇင်ဦးနှင့် ငြိမ်းမင်းစိုးတို့က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် မလေးရှားနှင့် သရေကျပြီး တရုတ်ကို သုံးဂိုး-နှစ်ဂိုး၊ မက္ကဆီကိုအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာအသင်းသည် အောက်တိုဘာတွင် ယှဉ်ပြိုင်ရမည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း