တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်မည်

ရန်ကုန် ၂၁ မေ

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မွမ်းမံခြင်းလုပ်ငန်း စတင်သည့်အထိ်မ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အဆိုပါဇာတ်ရုံ၌ ကျင်းပသည်။

 

တန္

 


ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုအရ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေးစာချွန်လွှာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့၏ ရှေ့မှောက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးသံမှူးတို့ လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း။

 


ယနေ့အထိမ်းအမှတ် အခမ်းအနားသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံရှိ ခေါင်းဆောင်ကြီးများ၏ အမြော်အမြင် ကြီးမားမှု၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများ၏ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်မှု၊ နှစ်နိုင်ငံရှိ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ၏ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ဖေးကူမှုများကို နက်ရှိုင်းစွာဖော်ပြနေသည့် အခမ်းအနားတစ်ရပ်လည်းဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် သံအမတ်ကြီး မစ္စတာဟုန်လျန်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


အဆိုပါ အမျိုးသားဇာတ်ရုံ(ရန်ကုန်)သည် ၁၉၈၅ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတကြီး လီရှန်နင့်က မေတ္တာလက်ဆောင်ပေးအပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့၍ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့ရာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။

 


ယခုအခါဇာတ်ရုံကြီးသည် သက်တမ်းအားဖြင့် ၂၈ နှစ်ကျော်ကာလ ကြာမြင့်ပြီ ဖြစ်သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အသံစနစ်များ၊ ဇာတ်စင်သုံး မီးစနစ်များ၊ Air Con စနစ်များ၊ ပွဲကြည့်ထိုင်ခုံများ၊ အဆောက်အဦပိုင်းဆိုင်ရာ၊ အလိုအလျောက် မီးငြှိမ်းသတ်စနစ်နှင့် အခြားအထွေထွေပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ရာ ပြုပြင်မွမ်းမံသည့်ကာလမှာ ခန့်မှန်းအားဖြင့် ၂ နှစ်ခန့် ကြာမြင့်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်မှ စတင်၍ အဆင့်မြှင့်တင် မွမ်းမံမည်ဖြစ်သဖြင့် ဇာတ်ရုံငှားရမ်း သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှစတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 


သတင်း- ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး