တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (၃)သန်း doses နှင့် ဆေးထိုးအပ်(၃)သန်း လွှဲပြောင်းလက်ခံပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (၃) သန်း doses နှင့် ဆေးထိုးအပ် (၃)သန်းတို့သည် ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမ ဆောင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် တရုတ်သံအမတ်ကြီးက ယခုလှူဒါန်း သောကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ်ကူညီပေးလျက်ရှိရာ မြန်မာ နိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်း ပို့ချရေးစင်တာများ တည်ဆောက်ရာတွင်လည်း အကူအညီပေးလျက်ရှိပါကြောင်း၊ အဆိုပါ စင်တာများ ဆောက်လုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ ဇီဝလုံခြုံမှုဆိုင်ရာ သုတေသနပြုမှုကို အဆင့်မြှင့်တင်ပေးနိုင်မည့်အပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအ ထောက်အကူပြု မည်ဟုမျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြည်သူသည်သာ အဓိက၊ အသက်သည်သာ အဓိကဆိုသည်ကို လက်ကိုင်စွဲ၍ ပြည်သူများ၏ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ပေးရေးနှင့် ကပ်ရောဂါကြောင့်လူမှုစီးပွားတိုးတက်မှု အဟန့်အတားမဖြစ်စေရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ တရုတ်-အာဆီယံ ကျန်းမာရေး အသိုက်အဝန်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွတည်ဆောက်သွားရန်မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်အကုန်တွင် ဖွင့်လှစ်နိုင်ရေး ရည်မှန်းဆောင်ရွက်နေသည့် မြန်မာကူးစက်ရောဂါတိုက်ဖျက် ရေးဗဟိုဌာနနှင့် ကျန်းမာရေး ဝန်ထမ်းသင်တန်း ပို့ချရေးစင်တာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ပံ့ပေးနေ မှုများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပြောကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အပါအဝင် အခြားကူးစက်ရောဂါများ တိုက်ဖျက် နိုင်ရေးအတွက် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်လက်ပူးပေါင်း လက်တွဲဆောင်ရွက်သွားမည့်အကြောင်း ထပ်လောင်းပြောကြားလို ပါကြောင်း၊ ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး(၃) သန်းကို ကျောင်းနေအရွယ်ကလေးများ၊ နာတာရှည် ရောဂါအခံရှိသော အသက်အရွယ်ကြီး သူများကို ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုအနေဖြင့် အသုံးပြုသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့်မှတ်တမ်းအား နှစ်နိုင်ငံ အပြန်အလှန် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့ပြီး လှူဒါန်းထားသည့် ကာကွယ်ဆေးများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ပြည်ပဆိုက်ရောက် ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေးနေမှု ဖြစ်သည့် Thermal scanner ဖြင့်ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပြည်ပဆိုက်ရောက် ခရီးသွားများက ကျန်းမာရေးမှတ်တမ်း (Health Declaration card) ဖြည့်သွင်းနေမှုကို ကျန်းမာရေးဝန်ထမ်းများက အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိမရှိစစ်ဆေးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)