တရုတ်ရဲ့ စစ်ရေးစွမ်းပကား ကမ္ဘာပေါ်မှာ ဝင့်ဝင့်ကြွား

ထွန်းသစ်စ

 

အောက်တိုဘာလ ၁ ရက်နေ့မှာ တရုတ်နိုင်ငံက သူ့ရဲ့ ကြီးမားတဲ့စစ်အင်အားကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ အပြည့်အဝ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ပေကျင်းမြို့ တီယန်မင်ရင်ပြင်မှာ ကျင်းပတဲ့ အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားမှာ တရုတ်နိုင်ငံဟာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေ၊ စစ်မြေပြင်သုံး မျိုးဆက်သစ်တင့်ကားတွေကို ပြသလိုက်တာဟာ နိုင်ငံတကာစစ်အင်အားမှာ သူရပ်တည်နေတဲ့အဆင့်ကို သက်သေပြလိုက်သလိုပါပဲ။

 

ကြွားကြားရွားရွား မိုးယံမြင့်မား

တီယန်မင် ရင်ပြင်မှာ အခုလို စစ်ပစ္စည်းတွေနဲ့နည်းပညာ တိုးတက်မှုတွေ အံ့မခန်း ပေါင်းစပ်ပြသနိုင်မှုက ကမ္ဘာ့နိုင်ငံတွေ ရဲ့ အမြင်မှာတော့ တရုတ်ဟာ အာရှပစိဖိတ် ဟိုမှာဘက်အထိ ဖြန့်ကြက်ထားတဲ့ အမေရိကန်ရဲ့ လွှမ်းမိုးမှုတွေကို ခြိမ်းခြောက် နိုင်သူအဖြစ် ရှုမြင်လာကြပါတယ်။ နှစ် ၇၀ ပြည့် ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအဖြစ် အမျိုးသားစစ်ရေးပြအခမ်းအနား မကျင်းပမီမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို လှည့်လည်စစ်ဆေးခဲ့ပါတယ်။


အမေရိကန်နိုင်ငံနဲ့ သံတမန်ရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ တပ်မတော်ဟာလည်း လျင်မြန်စွာ အဆင့်မီလာပါတယ်။ အမေရိကန်ဟာ တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုအပေါ် စိုးရိမ်နေသလို တရုတ်(တိုင်ပေ)နဲ့ ပြည်မကြီး ပေါင်းစုံဖို့အရေး တရုတ်နိုင်ငံရဲ့ ရည်မှန်းချက် အပေါ်လည်း စိတ်မအေးဖြစ်နေပါတယ်။


အမျိုးသားစစ်ရေးပြအခမ်းအနားမှာ ပြည်သူ့လွတ်မြောက် ရေးတပ်မတော်မှ တပ်ဖွဲ့ဝင် ၁၅၀၀၀ တို့ကလည်း စစ်ချီတေးများ ကို သံပြိုင် ဟစ်ကြွေးချီတက်လာကြသလို ရင်ပြင်တစ်လျှောက် လုံးမှာလည်း လက်နက်ကြီးလက်နက်ငယ်အမျိုးအစားပေါင်း ၅၈၀ ခန့်ဟာလည်း ကြွားကြွားရွားရွား မိုးယံမြင့်မားနေသလို လေယာဉ်အစင်းပေါင်း ၁၆၀ ခန့်ကလည်း တိမ်ညွန့်ကို စားတော့မယ့်ပမာ စစ်ရေးပြနေကြပါတော့တယ်။


ထူးထွေဆန်းပြားလက်နက်များ
အမျိုးသားနေ့စစ်ရေးပြအခမ်းအနားမှာ ဒီတစ်ခါ ဖော်ထုတ် ပြသလိုက်တာကတော့ တိုက်ချင်းပစ် နျူကလီးယားဒုံးကျည် ဖြစ်တဲ့ တုန်းဖန်း-၄၁ တွေပဲ ဖြစ်ပါတော့တယ်။ တုန်းဖန်း-၄၁ အမျိုးအစား ဒုံးကျည်တွေဟာ နျူကလီးယားထိပ်ဖူး ၁၀ ခုအထိ တပ်ဆင်နိုင်ပြီး အမေရိကန်ရဲ့ ဘယ်နေရာမဆို ပစ်ခတ်နိုင်ပါ တယ်။ နိုင်ငံပိုင် သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ ဆင်ဟွာရဲ့ အဆိုအရ တုန်းဖန်း-၄၁ အမျိုးအစားဒုံးကျည်တွေဟာ တရုတ် နိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယားအင်အားတွေပဲ ဖြစ်ပါတယ်။


စစ်ရေးပြအခမ်းအနားမှာ ထုတ်ဖော်ပြသလိုက်တဲ့နောက် လက်နက်တစ်ခုကတော့ ဂျေအယ်လ်-၂ လို့ နာမည်ပေးထားတဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေပဲ ဖြစ်ပါတယ်။ အဲဒီ ဂျေအယ်လ်-၂ အမျိုးအစား ဒုံးကျည်တွေကို ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။ ဂျေအယ်လ်-၂ ဒုံးကျည်တွေဟာ ကီလိုမီတာ ၈၀၀၀ (မိုင် ၅၀၀၀) အထိ ပစ်ခတ်နိုင်ပြီး အလာ စကာနဲ့ အမေရိကန် ပြည်ထောင်စုအနောက်ပိုင်း ဘယ်နေရာမဆို ပစ်ခတ်နိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက် ကုမ္ပဏီဖြစ်တဲ့ ဂျိမ်းစ်က ပြောပါတယ်။


နောက်ထပ် ဒုံးကျည်သစ်တစ်မျိုးကတော့ ဒီအက်ဖ်-၁၀၀ လို့အမည်ပေးထားတဲ့ ဒုံးကျည်ပဲ ဖြစ်ပါတယ်။ သူဟာ အသံထက် မြန်ပြီး လေယာဉ်တင်သင်္ဘောကြီးတွေကို ဟန့်တားနိုင်တယ်လို့ သိရပါတယ်။ တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်ဖြစ်တဲ့ ဒီအက်ဖ်-၁၇ ကိုတော့ ဒီတစ်ခါပြည်သူတွေရဲ့ရှေ့မှာ ပွဲထုတ်လိုက်ပါတယ်။ သူဟာလည်းပဲ စွမ်းဆောင်ရည်မြင့်တဲ့ ဒုံးကျည်တစ်စင်းပဲ ဖြစ်ပါ တယ်။ ပထမဆုံးအကြိမ်အဖြစ် ပေကျင်းဟာ ဒဗလျူဇက်-၈ မောင်းသူမဲ့ ဒရုန်းယာဉ်တွေကိုလည်း ပြသခဲ့ပါတယ်။ အဲဒီ မောင်းသူမဲ့ ဒရုန်းတွေကို လေယာဉ်ပေါ်က ကြဲချနိုင်ပြီး မိမိလိုချင်တဲ့ သတင်းအချက်အလက်တွေကို ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
အမျိုးသားနေ့စစ်ရေးပြအခမ်းအနားကျင်းပရာ တီယန်မင် ရင်ပြင်မှာတော့ အကြမ်းဖက် ဆန့်ကျင်တိုက်ဖျက်ရာမှာ အသုံးပြုတဲ့ သံချပ်ကာကားတွေ တဖြည်းဖြည်းနဲ့ ချီတက်လာကြ တာဟာဖြင့် ရဲစိတ်ရဲမာန်များတောင် တက်ကြွလာပါတယ်။ အဲဒီကား တွေကိုတော့ အကြမ်းဖက် တိုက်ဖျက်နှိမ်နင်းမှုတွေမှာ အသုံးပြုကြပါတယ်။


တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် နောက်တစ်မျိုးထပ်မံပြသ လိုက်တာကတော့ စစ်မြေပြင်သုံး ၉၉ အေ အမျိုးအစား တင့်ကား တွေပဲဖြစ်ပါတယ်။ အမျိုးသားနေ့စစ်ရေးပြအခမ်းအနားမှာ ပြသခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ အားလုံးအသစ်တွေ ချည်းဖြစ်ပြီး ပြည်တွင်းဖြစ်တွေပဲဖြစ်ပါတယ်လို့ ဆင်ဟွာမှာ ဖော်ပြထားပါတယ်။


ကြီးကျယ်ခမ်းနား စစ်ရေးပြအခမ်းအနား

ရင်သပ်ရှုမောဖွယ် ကောင်းပေစွ။ သမိုင်းမှာ အကြီးအကျယ်ဆုံး စစ်ရေးပြ အခမ်းအနားကြီးကို ဆင်နွှဲလေရော့သလားလို့တောင် ထင်မှတ်မှားပြီး မြင်သူတိုင်း ရဲစိတ်ရဲမာန်ထက်သန် တက်ကြွလာတာကတော့ ပြောမယုံ ကြုံဖူးမှ သိမှာပါပဲ။ အခု စစ်ရေးပြ အခမ်းအနားမှာ တွေ့မြင်လိုက်ရတာကတော့ တရုတ်နိုင်ငံရဲ့ တိုးတက်လာတဲ့ နျူကလီးယားတပ်ဖွဲ့ပဲ ဖြစ်တယ်လို့ ဆစ်ဒနီရှိ မက်ကွာရီတက္ကသိုလ်မှ တရုတ်နိုင်ငံ ခေတ်မီစစ်ဘက် ဆိုင်ရာ ကျွမ်းကျင်သူ အဒမ်နီက ထောက်ပြပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေဟာ ပိုမိုလွယ်ကူ မြန်ဆန် တိကျထိရောက်ပြီး နည်းပညာအဆင့်မြင့်လက်နက် တွေဖြစ်တယ်လို့ သူက ပြောပါတယ်။


စစ်ရေးပြအခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ တိုးတက်မှုဖြစ်စဉ်ကိုသာ ရှေးရှု ရှာဖွေလျက်ရှိပြီး ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ဝင် နှစ်သန်းဟာလည်း ကမ္ဘာ့ငြိမ်းချမ်းရေးကို ခိုင်မာစွာ ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။


အခုလိုမျိုးနျူကလီးယားတပ်ဖွဲ့ကြီးကို ပြသလိုက်ခြင်းဟာ တရုတ်နိုင်ငံအနေနဲ့ နျူကလီးယားနည်းဗျူဟာ ပြောင်းလဲဖို့ ပြသတာ မဟုတ်ဘဲ အကယ်၍ တတိယနိုင်ငံတစ်နိုင်ငံက လာတိုက်ခဲ့ပါက အဆင်သင့်ဖြစ်နေရန်သာ ဖြစ်တယ်လို့ ခေတ်မီ စစ်သင်္ဘောများ မဂ္ဂဇင်း စာတည်းမှူးချုပ် ချူယီလန်က ပြောပါတယ်။


ကမ္ဘာကြီးကို သက်သေထူ

ဇူလိုင်လမှာ ပေကျင်းဟာ ခေတ်မီအဆင့်မြင့် တပ်မတော်တစ်ခု တည်ဆောက်မယ့် အမျိုးသားကာကွယ်ရေး အစီအစဉ်တစ်ခုကို လျာထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ အမေရိကန်ကို မကျော်လွန်နိုင်ခဲ့ပါဘူး။ တရုတ် နိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲဖို့ လျာထားပေမယ့်လည်း မကြာသေးမီ နှစ်များအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ နှေးကွေးနေတာကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို လျာထားသလောက် မသုံးစွဲခဲ့ပါဘူး။

 

စင်ကာပူနန်ယန်နည်းပညာတက္ကသိုလ်မှ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ်ချာက တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံလောက်ကို စစ်ရေးဆိုင်ရာ နည်းပညာတွေမှာ တိုးတက်လာတယ်လို့ ဆိုပါတယ်။ တကယ့်စစ်ရေးဆိုင်ရာ စွမ်းရည်တွေကို ပြသဖို့ဆိုတာ စစ်လက်နက်ပစ္စည်းတွေ ပြသတာထက် ပြောသလောက်လွယ်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။


ဘယ်လိုပဲဆိုဆို တရုတ်နိုင်ငံဟာ စစ်ရေးပြအခမ်းအနားမှာ အခုလို အထူးထူးအဆန်းဆန်းသော စက်လက်နက်တွေ၊ စစ်ပစ္စည်းတွေ ထုတ်ဖော်ပြသလိုက်တာဟာ ကမ္ဘာကြီးမှာ တရုတ်နိုင်ငံရဲ့ တည်ရှိနေမှုကို သက်သေထူလိုက်တာပဲ ဖြစ်ပါတယ်။     ။

ကိုးကား- အေအက်ဖ်ပီ