ပေကျင်း ဇန်နဝါရီ ၁၂

 

တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ အသုံး ပြုရန်အတွက် စက်ရုပ်များ တီထွင်ထုတ်လုပ်ရန် အထူးဓာတ်ခွဲခန်းကို တရုတ် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် တွင် တည်ဆောက်မည်ဟု သိရသည်။

 

စီချွမ်ပြည်နယ် ချန်ဒူးအခြေစိုက် Sichuan Bionic Robotics Technology Co., Ltd. နှင့် Chengdu High-Tech Industrial Development Zone ၏ လုံခြုံရေးဗျူရိုတို့သည် ၎င်းဓာတ်ခွဲခန်းကို ပူးတွဲတည်ထောင်ရန် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

 

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် မြို့ပြစီမံခန့်ခွဲမှုတွင် စက်ရုပ်များ၏ ပေါင်းစပ် ဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများ၏ထိရောက်မှုနှင့် မြို့ပြ အုပ်ချုပ်ရေး၏ ဘေးကင်းမှုနှင့် ယုံကြည် စိတ်ချရမှုတို့ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

Sichuan Bionic Robotics Tech-nology Co., Ltd. မှ တီထွင်ခဲ့သော ခြေလေးချောင်းစက်ရုပ်ခွေး “Lingtong” ကို ယမန်နှစ် ဒီဇင်ဘာ ၅ ရက်က ချန်ဒူးတွင် ပွဲဦးထွက်ပြသခဲ့သည်။

 

၎င်းရဲစက်ရုပ်ခွေးများတွင် အဆင့်မြင့် ဉာဏ်ရည်စနစ်ကို ထည့်သွင်းထားပြီး ရှာဖွေစစ်ဆေးခြင်းနှင့် စုံစမ်းခြင်းလုပ်ငန်း များကို အလိုအလျောက်လုပ်ဆောင်နိုင်သည့် စွမ်းရည်များရှိသည်။

 

စက်ရုပ်ခွေးတစ်ကောင်၏ အလေးချိန်သည် ၅၀ ကီလိုဂရမ်ခန့်ရှိပြီး တစ်စက္ကန့်လျှင် လေးမီတာအမြန်နှုန်းဖြင့် သွားလာ နိုင်သည်။ ၎င်းတို့သည် ပြေးခြင်း၊ ခုန်ခြင်း၊ အတားအဆီးကို ရှောင်ရှားခြင်း၊ အလိုအလျောက် လမ်းညွှန်ခြင်းနှင့် ကိုယ်တိုင် အားသွင်းခြင်းစသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်သည်။

 

ချန်ဒူး စက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန် ပြည်သူ့လုံခြုံရေးဗျူရိုမှ ရဲအရာရှိများက စက်ရုပ်ခွေးများကို ဗုံးရှင်းလင်းခြင်း၊ အရေးပေါ်အခြေအနေများနှင့် အဆိပ်သင့်သော ပတ်ဝန်းကျင်များကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများတွင် အသုံးပြုကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ