တရုတ်တိုင်ပေ ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်

၂၅ သြဂုတ်


စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် တရုတ်တိုင်ပေ ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၁၈ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၈အသင်းသည် ခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်တိုင်ပေအသင်းနှင့်အတူ မြန်မာ၊ ဟောင်ကောင်၊ ဂျီဘရော်လ်တာအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှခြေစစ်ပွဲမတိုင်မီ ဥရောပမှ ဂျီဘရော်လ်တာအသင်း၊ အာရှဒေသတွင်းမှ တရုတ်တိုင်ပေ၊ ဟောင်ကောင်အသင်းတို့နှင့် တွေ့ဆုံနေသောကြောင့် ခြေစစ်ပွဲအတွက် အကျိုးရှိမည့်ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် လက်ရှိဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုခေတ္တရပ်နားမည်ဖြစ်ပြီး အာရှခြေစစ်ပွဲအတွက် စက်တင်ဘာဒုတိယပတ်တွင် စခန်းဝင်လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်သည်။ 


မြန်မာ ယူ-၁၈ အသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲဝင်အသင်းကို အခြေခံကာ ကစားသမားသစ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းမည် ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် စခန်းဝင်လေ့ကျင့်အပြီး နှစ်ပတ်အတွင်းမှာပင် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ စတင်ကစားခြင်းဖြစ်ပြီး အောက်တိုဘာတွင်လည်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်း ယှဉ်ပြိုင်ရမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။


အုပ်စုပွဲများကို သုံးရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနှင့် တရုတ်တိုင်ပေ၊ ဟောင်ကောင်နှင့် ဂျီဘရော်လ်တာ၊ စက်တင်ဘာ ၂၈ ရက်တွင် မြန်မာနှင့် ဂျီဘရော်လ်တာ၊ တရုတ်တိုင်ပေနှင့် ဟောင်ကောင်၊ စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနှင့် ဟောင်ကောင်၊ တရုတ်တိုင်ပေနှင့် ဂျီဘရော်လ်တာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်