တတိယအကြိမ် အသေးစား စက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး လက်မှုအနုပညာ ထုတ်ကုန် ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲ ကျင်းပမည်

မန္တလေး ၁၂ ဒီဇင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တတိယအကြိမ် အသေးစား စက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာတွင် စည်ကားစွာ ကျင်းပမည်။

နိုင်ငံတော်၏ စီးပွားရေး အင်အားတစ်ရပ်ဖြစ်သော အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက် နိုင်စေရန်၊ အသေးစား စက်မှုလက်မှု ထုတ်ကုန်များ ပြည်တွင်းပြည်ပဈေးကွက် ပိုမိုရရှိစေရန်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီး ပိုမိုရရှိရေး အထောက်အကူ ဖြစ်လာစေရန်၊ မြန်မာ့ရိုးရာ လက်မှုအနုပညာလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရန်နှင့် ထိန်းသိမ်းမြှင့်တင်နိုင်ရန်၊ အသေးစားလုပ်ငန်းများနှင့် ထုတ်ကုန်များအား ပြည်သူများ ပိုမိုသိရှိစေရန်နှင့် အားပေးဆောင်ရွက်လာစေရန်၊ စံချိန်စံညွှန်းမီ ထုတ်ကုန်များနှင့် အမည်သစ် လုပ်ငန်းများ ပေါ်ထွက် လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

ပြပွဲတွင် မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနတွင် ဖွင့်လှစ်သည့် နည်းပညာသင်တန်းတက်ရောက်ပြီး ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ ပြည်တွင်း စားသောက်ကုန်များ၊ အလှကုန်၊ လူသုံးကုန်များ၊ မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ပစ္စည်းများ၊ အသေးစား စက်မှုလုပ်ငန်းများ ပြသမည်ဖြစ်ပြီး ပန်း(၁၀)မျိုး လက်မှုအနုပညာပြခန်း ၆၀ ခန်း၊ စားသောက်ကုန်ပြခန်း ၂၇ ခန်း၊ လူသုံးကုန်နှင့် အလှကုန်ပြခန်း ၁၆ ခန်း၊ အထွေထွေ စက်မှုပြခန်း ၁၇ ခန်း စုစုပေါင်း ပြခန်း ၁၂၀ ပါဝင်ပြသမည် ဖြစ်သည်။

တတိယအကြိမ် အသေးစား စက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန် ပစ္စည်းပြပွဲ၊ ဈေးရောင်းပွဲအပြင် အသေးစားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး အထောက်အကူပြု ဟောပြောပွဲနှင့် ကုန်ပစ္စည်း အရောင်းမြှင့်တင်ရေး ဖျော်ဖြေပွဲများလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သီဟကိုကို(မန္တလေး)