နေပြည်တော် ဇူလိုင် ၈
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတကာဖိုရမ်တက်ရောက်ခဲ့မှုကို မှတ်တမ်းတင်ခြင်း၊ အခမဲ့မြေလွှဲပြောင်းပေးနိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းအမှုထမ်းများအား ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များတွင် အခမဲ့ခရီးသွားလာခွင့်ရရှိရေး၊ မြောင်း၊ ချောင်းနှင့် မြစ်ကြောင်းများကို အမြန်ဆုံးပြန်လည်တူးဖော်ပေးရေး၊ ရေထိန်းတာရိုးများ၊ ရေတံခါးများ ပြန်လည်ပြုပြင်ထိန်းသိမ်းပေးနိုင်ရေး၊ ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၁၀ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ ဘရပ်စ်မြို့တွင် ၂၁-၆-၂၀၂၆ မှ ၂၂-၆-၂၀၂၆ ထိ ကျင်းပခဲ့သည့် 2nd International Forum of the Union State "Great Heritage -Common Future" သို့ ပါဝင်တက်ရောက်ခဲ့မှုကို လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် အင်းစိန်မဲဆန္ဒနယ်မှ ဦးငြိမ်းထွေး၏ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထားမြေတွင် တည်ဆောက်ထားသော ဘောလုံးကွင်းအား အားကစားဝန်ကြီးဌာနမှ အခမဲ့မြေလွှဲပေးရန် လျှောက်ထားလာပါက လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာ့မီးရထား၏ အင်းစိန်ဘောလုံးကွင်းကို ဝန်ထမ်းနှင့်မိသားစုဝင်များထဲမှ ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေး ယခင်ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်းနှင့် အိမ်ကွင်းအဖြစ် ဘောလုံးပွဲများ လက်ခံကျင်းပနိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများမှ နေ့ထူးနေ့မြတ်များတွင် ဝန်ထမ်းများအတွက် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားများ ကျင်းပနိုင်ရေးတို့ကိုရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
လက်ရှိတွင် မြန်မာ့မီးရထားမှကျင်းပသည့် အားကစားပြိုင်ပွဲများ၊ အခမ်းအနားများကို အခမဲ့ဖြင့် ခွင့်ပြုဆောင်ရွက်ပေးခြင်းနှင့် ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းသို့ လေ့ကျင့်ရေးကွင်းအဖြစ် ငှားရမ်းခ ၁ နှစ်လျှင် ငွေကျပ် ၄၀၀၀၀၀၀၀ ဖြင့် ငှားရမ်းခွင့်ပြုထားသဖြင့် ဌာနဝင်ငွေရရှိလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ အားကစားရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဆိုပါက အခမဲ့အသုံးပြုခွင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်၏ အမှုထမ်းအဆင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံအတွင်းရှိ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များ၌ တာဝန်ဖြင့်ဖြစ်စေ၊ မည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ အခမဲ့ခရီးသွားလာနိုင်ရေးဦးစားပေးအဆင့်အဖြစ် စတင်စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဖော်ဆောင်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ရထားဖြင့် ယခင်က ဌာနဆိုင်ရာဝန်ထမ်းများကို ခရီးသွားလာခွင့်အမိန့် (MO) တင်ပြပါက ကျသင့်လက်မှတ်ခ၏ ၇၅ ရာခိုင်နှုန်းကောက်ခံသော်လည်း ၁-၉-၂၀၁၆ ရက်မှစ၍ ကျသင့်လက်မှတ်ခ ၁၀၀ ရာခိုင်နှုန်းပြည့် ကောက်ခံဆောင်ရွက်ခဲ့ရပါကြောင်း။
လေကြောင်းခရီးစဉ်အနေဖြင့် လေကြောင်းလိုင်းများသည် ၎င်းတို့ ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုဖြင့် ရပ်တည်နေရသည့် လုပ်ငန်းများဖြစ်သည့်အပြင် မြန်မာအမျိုးသားလေကြောင်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေပြင်ပမှ ဆောင်ရွက်လျက်ရှိသည့် လေကြောင်းလိုင်းဖြစ်ပြီး လေကြောင်းလိုင်းမှ ရရှိသည့်ဝင်ငွေဖြင့်သာ ရပ်တည်နေရသည့် လုပ်ငန်းဖြစ်ပါကြောင်း။
ခရီးစရိတ်နှုန်းထားနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများအတွက် ယာဉ်စီးခနှုန်းထားများအား ယခင်နှုန်းထားဟောင်းအတိုင်းမဟုတ်ဘဲ ဒေသန္တရနှုန်းထားများဖြင့် ကုန်ကျသည့်ခရီးစရိတ်ကို ခံစားခွင့်ပြုလျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းဖြင့် ခရီးသွားလာခြင်းများအတွက် အမှန်ကုန်ကျစရိတ်ကို ပြန်လည်တင်ပြတောင်းခံလာပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်၊ သက်ဆိုင်ရာဌာန၏ သာမန်အသုံးစရိတ်မှကျခံ၍ ပြန်လည်ထုတ်ပေးခြင်းဖြစ်သဖြင့် ထိုဝန်ထမ်းများ၏ ခရီးစရိတ်အားနိုင်ငံတော်မှ ကျခံပေးခြင်းပင်ဖြစ်ပါကြောင်း။
ထို့ပြင် တာဝန်ဖြင့်ခရီးသွားသည့် ဝန်ထမ်းများအတွက် ခရီးသွားနေ့တွက်စရိတ်အား တစ်ရက်လျှင် ကျပ် ၄၈၀၀ နှုန်းဖြင့်လည်းကောင်း၊ တည်းခိုစရိတ်နှုန်းထားများကို ရာထူးအဆင့်အလိုက်နှင့် မြို့အလိုက် ခွဲခြား၍လည်းကောင်း သတ်မှတ်ခံစားခွင့်ကို မြန်မာနိုင်ငံခရီးစရိတ်နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ သတ်မှတ်ခံစားခွင့်ပြုလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏ လွိုင်ကော်မှ ရန်ကုန်သို့ အသွားအပြန်ခရီးစဉ် ရပ်နားထားသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းအား မည်သည့်အချိန်နှင့် မည်သို့သောနှုန်းထားများဖြင့် ကောက်ခံ၍ ပြေးဆွဲပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက လွိုင်ကော်လေယာဉ်ကွင်း ထိခိုက်ပျက်စီးမှုများ ပြုပြင်ခြင်းကို ယခုအခါ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းတွင် လေယာဉ်ဆင်းသက်အသုံးပြုရန် အဆင်သင့်ရှိနေသဖြင့် လေယာဉ်ဆင်း၊ တက်မှုအတွက် လေယာဉ်ကွင်းဖွင့်လှစ်ထားရှိပါကြောင်း။
ယခုအခါ ကယားပြည်နယ်အစိုးရမှ မြန်မာအမျိုးသားလေကြောင်းလိုင်းအား လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ အသွား၊ အပြန် လေယာဉ်ခရီးစဉ်များ ပြန်လည် ဆင်း၊ တက် ပြေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ နယ်မြေလုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်သည့် အနေအထားရှိသည်ဟု ပြန်ကြားချက်ရရှိပြီးဖြစ်ပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လေယာဉ်ပြေးဆွဲရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အမြန်ဆုံးဆောင်ရွက်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကော့ကရိတ်မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၏ ကော့ကရိတ်မြို့အဝင် လှိုင်ချောင်းနှင့် မြို့အတွင်းရှိ ချောင်းတောင်ချောင်းအား အမြန်ဆုံးပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက ကော့ကရိတ်မြို့ ချောင်းတောင်ချောင်းအတွင်း ပိတ်ဆို့နေသော သောင်ခုံများ၏ အခြေအနေကို လာမည့်ပွင့်လင်းရာသီတွင် ကွင်းဆင်းတိုင်းတာစစ်ဆေး၍ ကရင်ပြည် နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မြစ်သားမဲဆန္ဒနယ်မှ ဦးစန်းမြင့်၏ မြစ်သားမြို့နယ် ခရုတုတ် (အရှေ့ရွာ) မြောက်ဘက်တွင်ရှိသော ပန်းလောင်မြစ်နံရံနှင့် မြစ်ရေထိန်းတာရိုး ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက မြစ်သားမြို့နယ် ခရုတုတ်အရှေ့နှင့် ခရုတုတ်အနောက်ကျေးရွာနှစ်ခုအား ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် စုစုပေါင်းအလျား ပေ ၂၄၀၀ ခန့်ကို ကွန်ကရစ် ပိုင်တိုင်အခြေပြုကျောက်ဖြည့်မြေထိန်းနံရံဖြင့် တည်ဆောက်ကာကွယ်ပေးရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ငွေကျပ်သန်း ၂၅၅ဝ ခန့်ဖြစ်ပါကြောင်း၊ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အသေးစိတ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးလျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပန်းလောင်မြစ် ကမ်းပြိုကာကွယ်ရေးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်ငယ်၊ ချောင်းငယ်တစ်ခုဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၏ ကော့မှူးမြို့ အမှတ် (၂) မြောင်းမှ ထမ္မနိုင်ကျေးရွာထိ မြောင်းသည်တိမ်ကောနေပါသဖြင့် ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကော့မှူးမြို့နယ် အမှတ် (၂) မြောင်းကူးတံတားမှ ထမ္မနိုင်ကျေးရွာအထိ အလျားပေ ၁၅၉၀၀ ခန့်အား ပြန်လည်နုန်းဆယ် တူးဖော်ပေးခြင်းဖြင့် ကော့မှူး-ဝါးဘလောက်သောက် ကားလမ်းမကြီး ဝဲ/ယာရှိ လယ်မြေ ဧက ၆၅၀ အား မိုးရာသီရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်ပြီး နွေစပါးရာသီတွင် ရေချိုပိုမိုသွင်းယူ၍ နွေစပါး ၄၄၉ ဧက တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကော့မှူးမြို့ အမှတ် (၂) မြောင်းမှ ထမ္မနိုင်ကျေးရွာထိမြောင်းအား ပြန်လည်နုန်းဆယ်တူးဖော်နိုင်ရေးအတွက် လိုအပ်သောရန်ပုံငွေအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သနပ်ပင်မဲဆန္ဒနယ်မှ ဦးအောင်ဇော်လင်း၏ သနပ်ပင်မြို့နယ်၊ မင်းရွာကျောင်းစုကျေးရွာအုပ်စုရှိ ကြာဖြူရိုးတိမ်ကောနေမှုအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က သနပ်ပင်မြို့နယ် ကြာဖြူရိုးချောင်းသည် အလျား ၃ ဒသမ ၅ မိုင်ခန့် ရှည်လျား၍ တောင်သူများအတွက် အရေးပါသည့် ရိုးချောင်းတစ်ခုဖြစ်ပါကြောင်း။
ကြာဖြူရိုးချောင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော်လည်း တူးဖော်ခဲ့သည့်ကာလမှာ ကြာမြင့်ပြီဖြစ်ခြင်း၊ ချောင်းတစ်လျှောက် သဲနုန်းပို့ချမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် တိမ်ကောလျက်ရှိသဖြင့် ကြာဖြူရိုးချောင်းအား ပြန်လည်တူးဖော်ရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ကြာဖြူရိုးချောင်း တူးဖော်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့်ရန်ပုံငွေအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ငပုတောမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့်၏ ငပုတောမြို့နယ်ရှိ ရေငန်တား ရေတံခါးများပျက်စီးနေမှုနှင့် ဆည်မြောင်းရေတံခါး လုံခြုံရေးတို့အတွက် ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဧရာဝတီတိုင်းဒေသကြီး ငပုတောဒေသသည် ပင်လယ်နှင့်ဆက်စပ်နေသဖြင့် ရေငန်ဝင်ရောက်သောဒေသဖြစ်ပြီး မိုးစပါးစိုက်ပျိုးမှုအောင်မြင်စေရန်အတွက် အလယ်ကျွန်း (၁)၊ (၂)၊ (၃) တာ၊ မကျီးပင် - မဒေါ့ကန်တာနှင့် သစ်ပုတ်ထိပ်ရေငန်တားတာတို့ကို တည်ဆောက်ထားပါကြောင်း၊ အလယ်ကျွန်း (၁)၊ (၂)၊ (၃) တာတွင် စုစုပေါင်းရေတံခါး ၁၃ လုံးမှ စိုက်ပျိုးမြေ ဧက ၂၈၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိပါကြောင်း။
ယခုအခါ ကျွန်းပတ်တာများရှိ ရေတံခါးအဆောက်အအုံများ၏ ရေတံခါးရွက်များမှာ နှစ်ကာလကြာမြင့် လာပြီဖြစ်၍ ကြံ့ခိုင်မှုအားနည်းခြင်း၊ ရေလုံသားရေပြားများ ယိုယွင်းပျက်စီး၍ ရေစိမ့်ထွက်ခြင်း၊ ဂီယာအုံများ ပျက်စီးယိုယွင်းခြင်းတို့ဖြစ်ပေါ်နေ၍ ပြုပြင်ရန်လိုအပ်လျက်ရှိသည့် အခြေအနေဖြစ်ပါကြောင်း။
ရေတံခါး ၁၃ လုံးအနက်မှ ၂ဝ၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အလယ်ကျွန်း ၁ တာရှိ ရေတံခါး ၁ လုံး ကို တိုင်းဒေသကြီးရန်ပုံငွေဖြင့်လည်းကောင်း၊ အလယ်ကျွန်း ၃ တာရှိ ရေတံခါး ၂ လုံးကို ပြည်ထောင်စုရန်ပုံ ငွေဖြင့်လည်းကောင်း ပြုပြင်သွားမည်ဖြစ်ပါကြောင်း။
ပြုပြင်ရန်ကျန်ရှိသော ရေတံခါး ၁၀ လုံးကို နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဦးစားပေးအလိုက် ပြည်ထောင်စုရန်ပုံငွေ / တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာရန်ပုံငွေတွင် လျာထားတင်ပြ ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြုပြင်သွားမည်ဖြစ်ပါကြောင်း။
ရေတံခါးများအဖွင့်အပိတ်လွယ်ကူစေရန် ဆေးသုတ်ခြင်း၊ ဆီထိုးခြင်း၊ ရေတံခါး အဝင်/ အထွက် မြောင်းများတွင် အမှိုက်များ၊ မြက်ပင်၊ ချုံပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် နှစ်စဉ်ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်၏ ဝေါမြို့နယ်အတွင်းရှိ ထိန်တပင်- ဝင်းကဒက်ချောင်း ၁၇/၄ မိုင် ပြန်လည်တူးဖော်ခြင်းအား ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဝေါမြို့နယ် ထိန်တပင် - ဝင်းကဒက်ချောင်းသည် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်သော အလျား ၁၇ မိုင် ၄ ဖာလုံ ရှည်လျားသည့် ချောင်းတစ်ခုဖြစ်ပါကြောင်း၊ ထိန်တပင်-ဝင်းကဒက်ချောင်း တိမ်ကောနေ၍ ကျေးရွာအုပ်စု ၇ အုပ်စုရှိ လယ်မြေ ဧက ၉၅၀၀ ခန့် ရေကြီးနစ်မြုပ်ခြင်း၊ သီးနှံများပျက်စီးခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ စိုက်ဧကလျော့နည်းခြင်းများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ချောင်းတူးဖော်ခြင်းနှင့် ရေငန်တားရေထိန်းတံခါးတစ်ခု တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဝေါမြို့နယ်အတွင်းရှိ ထိန်တပင်-ဝင်းကဒက်ချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း များအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (သို့မဟုတ်) သင့်လျော်ရာရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရေတံခါးတည်ဆောက်ခြင်း လုပ်ငန်းအတွက်လည်း အသေးစိတ်စူးစမ်း လေ့လာခြင်းလုပ်ငန်းများဆောင်ရွက်ပြီး ဆက်လက်လျာထားစီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာ အောင်ကြီး၏ ရေထွက်ပစ္စည်းများ တိုးချဲ့မွေးမြူမည့်စီမံချက်၊ တန်ဖိုးမြှင့်ပစ္စည်း (Value Added) ပြုလုပ်မည့် အစီအစဉ်နှင့် ဘဏ္ဍာရေးနှစ်တစ်နှစ်ချင်း ထုတ်လုပ်မှု လျာထားချက်၊ ငါးနှစ်တစ်ကြိမ် ထုတ်လုပ်မှုအစီအမံ စသည်တို့အား မည်သို့တိုးချဲ့ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းက မြန်မာနိုင်ငံ၏ ရေသတ္တဝါ ငါးမွေးမြူရေးလုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျစီမံကြီးကြပ်ကွပ်ကဲခြင်း၊ ငါးသားပေါက် လိုအပ်ချက်များအပေါ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးခြင်း၊ သဘာဝငါးသယံဇာတများ ပေါများစေရေးအတွက် ငါးမျိုးစိုက်ထည့်ပေးခြင်းနှင့် နည်းပညာအကူအညီပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ငါး၊ ပုစွန်၊ ကဏန်း မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထုတ်လုပ်မှုတိုးတက်စေရေးဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ဈေးကွက်အသစ်များရှာဖွေခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခြင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများကို အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို ဦးစားပေးထုတ်လုပ်ခြင်း၊ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လျက်ရှိသည့် စက်ရုံ ၁၁ ရုံရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ၁၃ မျိုးအား နိုင်ငံတကာဈေးကွက်သို့ ထုတ်လုပ်တင်ပို့လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ တန်ဖိုးမြှင့်ထုတ်ကုန်များအပါအဝင် ရေထွက်ကုန်ပစ္စည်းများအား အီးယူနိုင်ငံများ၊ ပင်လယ်ကွေ့ဒေသနိုင်ငံများ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့လျက်ရှိပါကြောင်း။
ငါးမွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများအတွက် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေးအတွက် ဒေသအတွင်းမှာရရှိနိုင်သည့် အစာကုန်ကြမ်းများ အသုံးပြုမွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံလိုသူများ ရရှိနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခြင်း၊ မွေးမြူရေးမြေနေရာ လိုအပ်ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ကြီးကြပ်မှုဖြင့် မွေးမြူရေးဇုန်များ ဖော်ဆောင်နိုင်ရေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ငါး၊ ပုစွန်မွေးကန်များ တိုးချဲ့မွေးမြူနိုင်ခြင်းဖြင့် ဒေသတွင်းငါးရိက္ခာဖူလုံစေမည့်အပြင် ပြည်ပသို့ပိုမိုတင်ပို့နိုင်ခြင်းဖြင့် ဝင်ငွေများ ပိုမိုရရှိစေနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုးက “အခွန်စနစ်နှင့် ပတ်သက်၍ အခွန်ထမ်းပုံစံအမျိုးမျိုးကို တိကျလွယ်ကူစွာ ပေးသွင်းထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ My Myanmar အမည်တပ်ဘားကုတ်စနစ်သုံး ဒီဂျစ်တယ် (အခွန်ထမ်း) ကတ်ဖြင့် အခွန်ငွေများကို ဖြတ်တောက်ကောက်ခံသင့်ကြောင်း၊ ခေတ်မီအလိုအလျောက် ဖြတ်တောက်စနစ်ကို အသုံးပြုသင့်ကြောင်းတင်ပြပြီး အစိုးရနှင့် ပုဂ္ဂလိကဘဏ်စနစ်များ၊ ငွေကြေးလည်ပတ်ပုံ၊ ငွေကြေးစီးဆင်းပုံ၊ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲစနစ်များကို အထူးတိကျစွာအသုံးပြုနိုင်ရေး ကြိုးပမ်းသင့်ကြောင်း အကြံပြုအဆို” ကိုတင်သွင်းရာ ရန်ကင်းမဲဆန္ဒနယ်မှ ဦးတင်မိုးအောင် (ခ) နေရှိုင်းက ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ဇူလိုင် ၁၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


