နေပြည်တော် ဇူလိုင် ၁၃
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ကျောင်းအဆင့် မြှင့်တင်ပေးနိုင်ရေး၊ အစိုးရနည်းပညာကောလိပ်/သိပ္ပံ ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ တိုက်နယ်ဆေးရုံတိုးမြှင့်ပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ပြည့်မီစွာခန့်ထားပေးရေး၊ ကျောက်မျက်ဈေးတစ်ခု တရားဝင်ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ဝါးလုပ်ငန်းပြည်ပဈေးကွက်ရရှိရေး၊ နိုင်ငံ့ဝန်ထမ်းများ ပင်စင်ယူသည့်အခါ နေထိုင်မှုအဆင်ပြေစေရန် မြေကွက်များချထားပေးရေး၊ အခွန်လွတ်ဈေးများ ဖွင့်လှစ်ပေးရေး၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ မြစ်ကူး၊ ချောင်းကူးတံတားများ တည်ဆောက်ပေးနိုင်ရေး၊ အခြေခံပညာကျောင်းများ လာမည့်ပညာသင်နှစ်တွင် ပိုမိုဖွင့်လှစ်နိုင်ရေးနှင့် ဆရာ ဆရာမ အင်အားဖြည့်ဆည်းပေးရေး၊ ကျောင်းဆောင်သစ်များ အပြီးသတ်တည်ဆောက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကျေးသီးမဲဆန္ဒနယ်မှ ဒေါ်နန်းတင်ဦး၏ လူငယ်အများအပြား ပြည်ပထွက်ခွာမှု လျှော့ချနိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက နိုင်ငံတော်အနေဖြင့် ပြည်တွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်လျက် ရှိသည့်အပြင် MSME လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဒေသခံပြည်သူများ၏ ဝင်ငွေနှင့်လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် အဓိကကျသော လုပ်ငန်းများဖြစ်၍ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဖွဲ့စည်း၍ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
CMP လုပ်ငန်းများ ရေရှည်တည်တံ့အောင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဦးစားပေး ဖိတ်ခေါ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုးညှင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ GTI အဆင့်ရှိ ကျောင်းအား GTC အဆင့်သို့ ပြန်လည်မြှင့်တင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း Polytechnic University မြစ်ကြီးနားနှင့် ဗန်းမော်၊ အစိုးရစက်မှုလက်မှုသိပ္ပံမိုးညှင်းနှင့် ပူတာအို၊ အစိုးရနည်းပညာအထက်တန်းကျောင်း မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအို၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (မိုးညှင်း) တို့ကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးလျက် ရှိပါကြောင်း။
GTI ကျောင်းများ၏ သဘောသဘာဝသည် B.Tech ၏ သဘောသဘာဝနှင့် နှိုင်းယှဉ်ပါက သက်ဆိုင်ရာပညာရပ်နယ်ပယ်တွင် လက်တွေ့ကျွမ်းကျင်ရန် ပိုမိုဦးစားပေးသည့် သဘာဝရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းအရလည်း ပိုမိုအားသာမှုရှိပါကြောင်း။
သို့ဖြစ်ပါ၍ မိုးညှင်းတွင် GTI သင်တန်းများ ဆက်လက်ဖွင့်လှစ်ခြင်းဖြင့် နှစ်စဉ်ကျောင်းသားအရေအတွက် ပိုမိုများပြားစွာ တက်ရောက်နိုင်သည့် အခွင့်အရေးရှိသည့်အပြင် အဆင့်မီပါက B.Tech သင်တန်းနှင့် B.E သင်တန်းများသို့လည်း ဆက်လက်တက်ရောက်နိုင်သည့် အခွင့်အလမ်း စသည့်အားသာ ချက်များရှိပါသဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့ GTI ကျောင်းအား GTC အဆင့်သို့ မြှင့်တင်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မြန်အောင်မဲဆန္ဒနယ်မှ ဦးအောင်ဝင်းဆွေ၏ မြန်အောင်မြို့နယ် ကနောင်မြို့တွင် အစိုးရနည်းပညာကောလိပ်/သိပ္ပံ (GTC/GTI) တည်ထောင် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ Polytechnic University (မအူပင်) နည်းပညာတက္ကသိုလ်ဟင်္သာတနှင့် ပုသိမ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျိုက်လတ်၊ ဝါးခယ်မနှင့် လပွတ္တာ၊ အစိုးရနည်းပညာအထက်တန်းကျောင်း ပုသိမ်၊ မအူပင်နှင့် ဟင်္သာတ၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဒေးဒရဲ၊ ချင်းမြောင်၊စက္ကော့၊ ကျုံပျော်၊ ဂုန်နီ၊ လပွတ္တာ၊ ပုသိမ်နှင့် ဟင်္သာတတို့ကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး ကနောင်မြို့တွင် အစိုးရနည်းပညာကောလိပ်/သိပ္ပံ (GTC/GTI) တည်ထောင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဟေသားကြီး၏ သံတောင်မြို့သစ် (၂၅) ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်မှု ရှိ၊ မရှိ ရှိပါကမည်သည့်အချိန်တွင် ဖွင့်လှစ်မည်နှင့်မရှိပါက အဘယ်ကြောင့် မဖွင့်နိုင်ကြောင်းကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက (၂၅) ခုတင်ဆံ့ သံတောင်မြို့ပြည်သူ့ဆေးရုံသည် ၂၀၂၂ ခုနှစ်တွင် ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာ DCS လုပ်ခဲ့သဖြင့် ဆေးရုံလုပ်ငန်းများရပ်ဆိုင်းသွားခဲ့ရပါကြောင်း၊ နယ်မြေအခြေအနေတိုးတက်လာပြီဖြစ်သော်လည်း ဆေးရုံဝင်းအတွင်း စနစ်တကျရှင်းလင်း ဆောင်ရွက်ရန် လိုအပ်နေသေးခြင်း၊ အဆောက်အအုံပြုပြင်မှုနှင့် ဆေးရုံသုံးပစ္စည်းများ စိစစ်ဖြည့်တင်းခြင်းဆောင်ရွက်ရန် လိုအပ်နေခြင်း တို့ကြောင့် ဆေးရုံအားလတ်တလော ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ ဆေးရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန်အတွက် ပြည်နယ်အစိုးရ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းနေပါကြောင်း။
သံတောင်မြို့ပြည်သူ့ဆေးရုံ မဖွင့်လှစ်သေးနိုင်သည့်အချိန်အတွင်း သံတောင်မြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ပြင်ပလူနာများ နေ့စဉ်ကုသနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပေးအပ်ချထားရန် စီစဉ်နေပါကြောင်း ပြန်လည်ဖြေကြားသည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးမျိုးမြင့်သိန်း၏ ဝမ်းတွင်းမြို့နယ် တမာကုန်းကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် သတ်မှတ်ဝန်ထမ်းများ ပြည့်မီစွာ ခန့်ထားပေးရန်နှင့် မြွေဆေးနှင့် ခွေးရူးပြန် ကာကွယ်ဆေးအပါအဝင် ဆေးဝါးများ ဖြန့်ဝေထားရှိပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဝမ်းတွင်းမြို့နယ် တမာကုန်းကျေးလက် ကျန်းမာရေးဌာနသည် ဝမ်းတွင်းမြို့နယ် ပဲခင်းကျော်ကျေးရွာအုပ်စု တမာကုန်းကျေးရွာတွင်တည်ရှိပြီး ကျန်းမာရေးဝန်ထမ်းအင်အားခြောက်ဦးဖြင့် ကျေးရွာအုပ်စုပေါင်း ခုနစ်အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေ ၆၈၆၆၊ လူဦးရေ ၂၉၀၀၀ ကျော်တို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ အဆိုပါကျေးလက်ကျန်းမာရေးဌာနသည် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ မိုင်ဝက်ခန့်အကွာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ရာသီမရွေးသွားလာနိုင်ပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ခြင်း ဆောင်ရွက်ရာတွင် ဒေသလိုအပ်ချက်၊ လက်ရှိကျေးလက်ကျန်းမာရေးဌာန၏ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအခြေအနေ၊ ဝန်ကြီးဌာန၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် တို့အပေါ်မူတည်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တမာကုန်းကျေးလက်ကျန်းမာရေးဌာနအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ရန် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း။
ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆရာဝန် ၃ ဦး၊ သူနာပြု ၁၀ ဦး၊ ကျွမ်းကျင်နှင့် အခြားဝန်ထမ်းများ ၂၄ ဦး၊ မြို့နယ်အတွင်းတွင် အောင်ချမ်းသာ၊ နေပူကုန်း၊ ညောင်အုပ်ဖီး၊ ပင်းတလဲ တိုက်နယ်ဆေးရုံလေးရုံရှိပြီး တိုက်နယ်ဆေးရုံတိုင်းတွင် ဆရာဝန်တစ်ဦးစီ တာဝန်ထမ်းဆောင် လျက်ရှိပြီး ယင်းတိုက်နယ်ဆေးရုံများတွင် သူနာပြု ၁၄ ဦး၊ အခြားဝန်ထမ်း ၁၅ ဦးတို့လည်း တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း။
ဖွဲ့စည်းပုံအရ သားဖွားဆရာမတစ်ဦးနှင့် ကျန်းမာရေးကြီးကြပ်တစ်ဦး စုစုပေါင်းနှစ်ဦးရှိရမည် ဖြစ်သော်လည်း အခြေအနေအရ အချို့သော ဌာနခွဲများတွင် အနည်းဆုံးတစ်ဦးစီရှိရန် ဆောင်ရွက်ပေးနေပါကြောင်း၊ လက်ရှိတွင် မြွေဆိပ်ဖြေဆေးအနေဖြင့် ဝမ်းတွင်းမြို့နယ် ဆေးရုံတွင် ၉၅ လုံး၊ တိုက်နယ် ဆေးရုံလေးရုံတွင် ၁၇၀၊ တမာကုန်းကျေးလက်ကျန်းမာရေးဌာနတွင် မြွေဆိပ်ဖြေဆေး နှစ်လုံး၊ ခွေးရူးပြန်ကာကွယ်ဆေးအနေဖြင့် မြို့နယ်ဆေးရုံတွင် ၅၀၊ တိုက်နယ်ဆေးရုံ လေးရုံတွင် အလုံး ၁၀၀ လက်ကျန်ရှိနေပါကြောင်း ပြန်လည်ဖြေကြားသည်။
စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံ၏ စစ်ကိုင်းမြို့တွင် နိုင်ငံတော်၏ကြီးကြပ်မှုဖြင့် ကျောက်မျက်ဈေးတစ်ခု တရားဝင်ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့သည် မန္တလေးမြို့တွင်ရှိသည့် ကျောက်မျက်အချောထည်ဈေးနှင့် မဝေးခြင်း၊ လွယ်ကူစွာသွားလာ၍ရခြင်း၊ စစ်ကိုင်းမြို့တွင် ငလျင်သဘာဝဘေး ပြန်လည်ထူထောင်ရေးဆောင်ရွက်လျက်ရှိခြင်း၊ လုံခြုံရေးပြန်လည်စိုးမိုးသည့် ဒေသများတွင် အုပ်ချုပ်ရေးယန္တရားနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်လျက်ရှိခြင်းတို့ကြောင့် လတ်တလောအခြေအနေတွင် ကျောက်မျက်ဈေး တစ်ခုပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၏ ဝါးသယံဇာတထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ထုတ်ယူဆောင်ရွက်နေမှုတို့တွင် နိုင်ငံခြားဈေးကွက်နှင့် နိုင်ငံခြားငွေရရှိမှုများ သိလိုခြင်းနှင့် MSME စီးပွားရေးလုပ်ငန်းများ နိုင်ငံခြားဈေးကွက်ရရှိရန် ဝန်ကြီးဌာနများမှ ဈေးကွက်ရှာဖွေပေးမှုနှင့် ပူးပေါင်းကူညီဆောင်ရွက်နေမှုအခြေအနေတို့ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးက မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပေါက်ရောက်ပါကြောင်း၊ ဝါးသယံဇာတစာရင်းအရ နှစ်စဉ်ခွင့်ပြုတောထွက်ပမာဏအရ ဝါးအလုံးရေ ၃၁၈ ဒသမ ၃၂၅ သန်း ထုတ်လုပ်နိုင်ပါကြောင်း၊ ဝါးစိုက်ခင်းများကို ၂၀၀၆-၂ဝဝ၇ ဘဏ္ဍာနှစ် မှ စတင်ခွင့်ပြုခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန်လအထိ ပုဂ္ဂလိကစက်မှု ကုန်ကြမ်းဝါးစိုက်ခင်း ဧက ၄၈၁၅ ဒသမ ၅ ခွင့်ပြုပြီးဖြစ်ပါကြောင်း။
ဝါးနှင့် ဝါးထုတ်ကုန်ပစ္စည်းများကို အိန္ဒိယ၊ ပါကစ္စတန်၊ စင်ကာပူ၊ အီတလီနှင့် တရုတ် စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် မေလကုန်အထိ ဝါးခြမ်းစိတ်၊ ဝါးလုံး၊ ဝါးဖျာ၊ အမွှေးတိုင်၊ ဝါးယင်းလိပ်စသည့် ဝါးထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၅၆၃၄၆ ဒသမ ၃၀ ကို ရရှိခဲ့ပါကြောင်း။
MSME ထုတ်ကုန်များအား ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေးအတွက် ပြည်ပရှိ စီးပွားရေး သံမှူးများနှင့် ချိတ်ဆက်ခြင်း၊ ပြည်တွင်း လက်လီ/လက်ကား ဖြန့်ဖြူးသူများနှင့် ချိတ်ဆက်ပေးခဲ့ပါကြောင်း၊ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များအတွက် လိုအပ်သည့် စက်မှုကုန်ကြမ်းများ ရရှိရေး၊ စက်ပစ္စည်းကိရိယာများရရှိရေးနှင့် ပြည်ပဈေးကွက် ချိတ်ဆက်ရရှိရေးတို့အတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ရေတာရှည်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းမိုး၏ နိုင်ငံ့ဝန်ထမ်းများ ပင်စင်ယူသည့်အခါ နေထိုင်ရေး အဆင်ပြေစေရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေကွက်များ ဖော်ထုတ်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် မြေကွက်ဖော်ထုတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ရန်ရှိပါက နေထိုင်ရန်အခက်အခဲရှိသည့် လုပ်သက်ရှည်လျားပြီး မြေကွက်မရရှိသေးသော ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိထားသူများ၊ အငြိမ်းစားယူရန်နီးကပ်နေသော ဝန်ထမ်းများ၊ အခြေခံလစာ နည်းပါးသော်လည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မြဝတီမဲဆန္ဒနယ်မှ ဦးခင်မောင်ချင်း၏ အခွန်လွတ်ဈေးများဖွင့်လှစ်ရန်နှင့် ဒေသထွက်ကုန်များ သယ်ယူရာတွင် ငွေကြေးကောက်ခံသည့်နေရာများ လျော့နည်းအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မရှိပါက အဘယ်ကြောင့်နှင့် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် စည်ပင်သာယာရေးကော်မတီပိုင်ဈေး ၃၈ ဈေးတွင် ဒေသထွက်ကုန်ပစ္စည်းများကို မည်သူမဆို လွတ်လပ်စွာရောင်းချနိုင်ရန် ပျံကျနေရာများ အခမဲ့စီစဉ်ဆောင်ရွက်ပေးထားပြီး အဆိုပါ နေရာများတွင် လာရောက်ရောင်းချသည့် ဈေးသည်များကို ကုန်ပစ္စည်းများ ရောင်းချခြင်းအတွက် အကျယ်အဝန်းအလိုက် သင့်တင့်သောနှုန်းထားများဖြင့် နေ့စဉ်ပျံကျဈေး ကောက်တစ်မျိုးတည်းသာ ကောက်ခံပြီး နံနက်ဈေး၊ ညဈေးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသဖြင့် အခွန်လွတ်ဈေးသီးသန့် ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်မှုမရှိပါကြောင်း။
ကရင်ပြည်နယ်အနေဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဟင်းသီးဟင်းရွက်၊ အသား/ ငါးများအား ဝယ်ယူနိုင်ရေးအတွက် အခွန်လွတ်ဈေးများအား အပတ်စဉ် ဗုဒ္ဓဟူး၊ စနေနေ့တို့တွင် ဘားအံမြို့၌ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ ရောင်းချသည့် တောင်သူလယ်သမားဈေးအား အပတ်စဉ် အင်္ဂါ၊ စနေနေ့များတွင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် ဟင်းသီးဟင်းရွက်နှင့် အခြားထွက်ကုန်ပစ္စည်းများကို ရောင်းချရန် ပျံကျဈေးရုံများ ဆောက်လုပ်၍ ရောင်းချခွင့် ပြုလျက်ရှိပါကြောင်း၊ ဈေး၏သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအတွက် လုပ်အားခကုန်ကျစရိတ် မျှသာဖြစ်သဖြင့် ဈေးသည်များ ဈေးကောက်နှုန်းထားအရ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့်အပြင် ဈေးသန့်ရှင်းသာယာလှပရေးကိုလည်း ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ သီးသန့်အခွန်လွတ်ဈေးအဖြစ် ထားရှိမည်ဆိုပါက ဈေးအတွက် ရန်ပုံငွေလိုအပ်မည်ဖြစ်ပါသောကြောင့် အခွန်လွတ်ဈေးအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း။
ပဲခူးတိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၂၈ မြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်မွေးမြူသူများကို အခွန်ငွေကြေးကောက်ခံမှုမရှိဘဲ အခွန်လွတ်ဈေးနေရာ သတ်မှတ်ပေးပြီး သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချစေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ စားသုံးသူပြည်သူများကို ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိပါကြောင်း။
မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်ရောင်းချသူများအတွက် အခွန်လွတ်ဈေးများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း အချိန်၊ နေရာ၊ ရက် သတ်မှတ်၍ စနစ်တကျ ဖွင့်လှစ်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မွန်ပြည်နယ်အနေဖြင့် မြို့နယ်အလိုက်ရောင်းချပေးသည့် ဈေးနေရာနှင့် ရက်သတ်မှတ်၍ ဈေးကောက်ကောက်ခံခြင်းမရှိဘဲ အခမဲ့ရောင်းချခွင့်ပြုပြီး တစ်ပတ်လျှင် နှစ်ရက်ရောင်းချပေးသော မြို့နယ် ငါးခုနှင့် တစ်ပတ်တစ်ရက်ဖွင့်လှစ်ရောင်းချပေးသော မြို့နယ်ငါးခုရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရွှေပြည်သာ မြို့နယ်ရွှေပြည်သာ အခွန်လွတ်ဈေး၊ လှိုင်သာယာမြို့နယ် လှိုင်သာယာအခွန်လွတ်ဈေး၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာအခွန်လွတ်ဈေး၊ တာမွေမြို့နယ် တာမွေအခွန်လွတ်ဈေး၊ ဒဂုံမြို့နယ် ပန်တျာအခွန်လွတ်ဈေး၊ ကမာရွတ်မြို့နယ် ဟံသာဝတီအခွန်လွတ်ဈေး စသည့်အခွန်လွတ်ဈေးများတွင် ဆိုင်ခွန်၊ ဆိုင်ခများ၊ နှစ်စဉ်မှတ်ပုံတင်ကြေးများ ကောက်ခံခြင်းမပြုဘဲ ပြည်သူများအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၃၀ မြို့နယ်၌ အခွန်လွတ်ဈေး ၃၀ ဖွင့်လှစ်ခဲ့ပြီး အခွန်လွတ်ဈေးများတွင် ဒေသထွက်ကုန်ပစ္စည်းများအား ရောင်းချဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်ချက်များခံယူပြီး ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၏ ကြီးကြပ်မှုဖြင့် ယခင်ဖွင့်လှစ်ခဲ့သော အခွန်လွတ်ဈေးများအား လာမည့်ပွင့်လင်းရာသီမှစတင်ပြီး ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ရှမ်းပြည်နယ်အနေဖြင့် မြို့ပြများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူဦးရေများပြားလာခြင်း၊ လူနေထိုင်ရန်နေရာများ တိုးချဲ့လာခြင်းတို့အပေါ် မြေနေရာအခက်အခဲရှိပါသဖြင့် အခွန်လွတ်ဈေးများ ဖွင့်လှစ်ရန်အတွက် သီးခြားနေရာ လတ်တလောသတ်မှတ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း။
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် BOT ကုမ္ပဏီများမှ လမ်းအသုံးပြုခကောက်ခံလျက် ရှိသောဂိတ်နှင့် လမ်းဦးစီးဌာနမှ ကောက်ခံသောလမ်း၊ တံတားအသုံးပြုခကောက်ခံရေးဂိတ်များသာရှိပြီး အခြားငွေကြေးကောက်ခံသည့် ဂိတ်များမရှိပါကြောင်းနှင့် စစ်ဆေးရေးဂိတ်များတွင် ဒေသထွက်ကုန်ပစ္စည်းများအပေါ် ငွေကြေးလုံးဝ (လုံးဝ) ကောက်ခံခြင်းမရှိပါကြောင်းနှင့် ငွေကြေးကောက်ခံခြင်းမရှိစေရန် တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ငွေကြေးကောက်ခံခြင်းများရှိပါက နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ဌာန/တပ်ဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားရှိသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့ဖြင့် အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
မြစ်သားမဲဆန္ဒနယ်မှ ဦးစန်းမြင့်၏ မြင်းခြံ - မြစ်သားလမ်းနှင့် ဆက်သွယ်ထားသော ခရိုင်ပတ် လမ်း (၂) နွားလျှာရိုးကျေးရွာအထိအား ကွန်ကရစ်လမ်း (သို့) ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက မြစ်သားမြို့နယ်ရှိ မြင်းခြံ-မြစ်သားကတ္တရာလမ်းမှ နွားလျှာရိုးရွာအထိ ဆက်သွယ်ထားသည့် လမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တစ်မိုင်လေးဖာလုံအား မြေသားလမ်းချဲ့ခြင်းနှင့် မြေနီခင်းခြင်းကို ဦးစွာလျာထားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင်မြို့နယ် စော်ရဲ-ဝန်ပတေ့ (တောင်) - ဝန်ပတေ့ (မြောက်) တာပေါင်ပေါ်၌ မြေကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက စဉ့်ကိုင်မြို့နယ်၊ စော်ရဲ-ဝန်ပတေ့ (တောင်) - ဝန်ပတေ့ (မြောက်) ကျေးရွာချင်းဆက်လမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းဖြစ်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ရောမြေခင်းခြင်း လုပ်ငန်းတို့ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေ အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တိုက်ကြီးမဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ တိုက်ကြီးကြာအင်းလမ်းနှင့် တော်လတီ၊ ကလော့သော့၊ စံကင်းလမ်း (၂) လမ်းအား ဆက်သွယ်ပေးမည့် လှိုင်မြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက တိုက်ကြီး - ကြာအင်းလမ်းနှင့် တော်လတီ - ကလော့သော့ - စံကင်းလမ်း (၂) လမ်းအား ဆက်သွယ်ပေးမည့် လှိုင်မြစ်ကူးတံတားမှာ တိုက်ကြီး - ကြာအင်းလမ်းအဆုံး လှိုင်မြစ်ကမ်းမှ တော်လတီရွာဘက်ကမ်းသို့ ဆက်သွယ်ပေးမည့် တံတားဖြစ်ပြီး တံတားတည်ဆောက်မည်ဆိုပါက ငွေကျပ် ၁၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။
လက်ရှိအသုံးပြုနေသော လှိုင်မြစ်ကူးတံတား ရွာသာတံတား၏ ယာဉ်သွားလာနိုင်မှု လုံလောက်မှု ရှိ၊ မရှိသုံးသပ်ရန် လိုအပ်ပါကြောင်း၊ တော်လတီ-ကလော့သော့ လမ်းဘေးဝဲယာရှိ ကျေးရွာများ၏ လက်ရှိဖွံ့ဖြိုးမှုနှုန်း၊ ကုန်စည်စီးဆင်းမှု၊ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း၊ တံတားတည်ဆောက်ရန် ကုန်ကျစရိတ်တို့ကို တွက်ဆနှိုင်းယှဉ်ကြည့်ပါက လှိုင်မြစ်ကူးတံတား တည်ဆောက်ခြင်းဖြင့် သိသာထင်ရှားသော အကျိုးရလဒ်နည်းပါးနေ၍လည်းကောင်း၊ ဒေသခံပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ကြီးမားသော အခက်အခဲများ မရှိနိုင်ပါသဖြင့် အဆိုပါတံတားကို လတ်တလောတည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
ဇလွန်မဲဆန္ဒနယ်မှ ဦးလှခိုင်၏ ဇလွန်မြို့နယ် ကော့ကပ်ကြီးကျေးရွာနှင့် ကော့ကပ်ကလေးကျေးရွာ ချောင်းကူးကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန်နှင့် တည်ဆောက်မပေးမီကာလအတွင်း တံတားဟောင်းအား ပြုပြင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ကော့ကပ်ကလေး-ကော့ကပ်ကြီး-ဝါးပတော လမ်းပေါ်ရှိ ချောင်းကူးတံတား (ကေသီပန်တံတား) သည် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော တံတားဖြစ်ပါကြောင်း၊ တံတား၏ လက်ရှိအခြေအနေမှာ ရေလယ်တိုင်လေးခုအနက်တစ်ခုမှာ အောက်သို့ ခြောက်လက်မခန့်နိမ့်ကျနေပြီး Wing Wall သုံးဖက်နှင့် မြေကာနံရံသုံးခုပျက်စီးနေပြီး တံတားချဉ်းကပ်လမ်း နှစ်ဖက်မှာလည်း နိမ့်ကျနေပါကြောင်း။
တံတား၏ ရေလယ်တိုင် လေးခုအနက်တစ်ခုနိမ့်ကျသွားမှုအပေါ် စစ်ဆေးချက်အရ အန္တရာယ်ရှိသည့် အခြေအနေမဟုတ်သည့်အတွက် ဆက်လက်စောင့်ကြည့်သွားပြီး လိုအပ်ပါက ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ယခုလောလောဆယ်တွင် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပျက်စီးနေသော Wing Wall သုံးခု၊ မြေကာနံရံ သုံးခုနှင့် ချဉ်းကပ်လမ်းနှစ်ဖက်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၏ သီပေါမြို့နယ်ရှိ အခြေခံပညာကျောင်းများအား လာမည့်ပညာသင်နှစ်တွင် ပိုမိုဖွင့်လှစ်နိုင်ရန်နှင့်လုံလောက်သော ဆရာ/ဆရာမ အင်အားဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က သီပေါမြို့နယ်အတွင်း အခြေခံပညာထက်ဆင့်သင် ၁၂ ကျောင်း၊ လယ်ဆင့်သင်ကျောင်း ၅၀၊ မူဆင့်သင် ၁၅၁ ကျောင်း စုစုပေါင်း ၂၁၃ ကျောင်းရှိသည့် အနက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထက်ဆင့်သင် ခုနစ်ကျောင်း၊ လယ်ဆင့်သင် ၁၂ ကျောင်း၊ မူဆင့်သင် ၂၆ ကျောင်း စုစုပေါင်း ၄၅ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူမှု နှောင့်နှေးမှုမရှိစေရေးအတွက် ဒေသလုံခြုံရေး အခြေအနေအရ ပိတ်ထားခဲ့သော ကျောင်းများမှ ထက်ဆင့်သင် ၁၅ ဦး၊ လယ်ဆင့်သင် ၂၆ ဦး၊ မူဆင့်သင် ၁၀၉ ဦး ဆရာ၊ ဆရာမအင်အား ၁၅၀ တို့အား လက်ရှိဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် ယာယီတွဲဖက်တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ထားပါကြောင်း။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နယ်မြေခံတပ်များ၏ လုံခြုံရေး ထောက်ခံချက်နှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရရှိပါက အခြေခံပညာကျောင်းများ ပိုမိုတိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါကျောင်းများ၏ သင်ကြားသင်ယူမှု လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ယာယီတွဲဖက်ထားသော ဆရာ ဆရာမများအား မိမိတို့ မူလတာဝန်ကျရာ ကျောင်းများသို့ ပြန်လည်တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက ဆရာ၊ ကျောင်းသားအချိုးအရ သင်တန်းဆင်း ဆရာ ဆရာမများဖြင့် ဖြည့်ဆည်းခန့်ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ဒေါ်ခင်စောမူ၏ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၁ မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် ကျောင်းဆောင်အသစ်များ တစ်ဝက်သာပြီးစီးပြီး ပြန်လည်အပ်နှံခဲ့သော လုပ်ငန်း ၇၂ ခုအား အပြီးသတ်ရေးမည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီးမှ တင်ပြလာသော လုပ်ငန်းတစ်ဝက်တစ်ပျက်ဖြင့် ပြန်လည်အပ်နှံခဲ့ရသည့် လုပ်ငန်းများမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အထိ လုပ်ငန်း ၇၂ ခုဖြစ်ပြီး အဆိုပါမပြီးပြတ် သေးသော လုပ်ငန်းများအား အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိဒေသပေါက်ဈေးနှုန်းများအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ် PAE နှုန်းထားများနှင့်အညီ စီမံကိန်းတန်ဖိုးပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းတန်ဖိုးပြောင်းလဲဆောင်ရွက်ရာတွင် နိုင်ငံပိုင်ကဏ္ဍငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းသို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်း တန်ဖိုးပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုချက်ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မပြီးပြတ်သေးသော လုပ်ငန်းများနှင့် စပ်လျဉ်းပြီး မြေပြင်တွင် ဆက်လက်ဆောင်ရွက်နိုင်မှု ရှိ/ မရှိ အခြေအနေအား သေချာစွာစိစစ်ပြီး ညွှန်ကြားချက်များနှင့်အညီ စီမံကိန်းတန်ဖိုး ပြောင်းလဲဆောင်ရွက်ခွင့်ရရှိရန် အဆင့်ဆင့်တင်ပြဆောင်ရွက်သွားရမည်ဖြစ်ပြီး စီမံကိန်းတန်ဖိုး ပြောင်းလဲဆောင်ရွက်ခွင့်ရရှိပါက ကျောင်းဆောင်များ အပြီးသတ်ပြီးစီးရေး နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ဇူလိုင် ၁၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


