အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး
နေပြည်တော် ဇူလိုင် ၉
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၅၃ ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၇၅ ရာခိုင်နှုန်းရှိသည့်အတွက် အစည်း အဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့ထားသော အွန်လိုင်းလိမ်လည်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးခဲ့၍ ပြည်သူ့လွှတ်တော်တွင် ပေးပို့ခဲ့ရာ ပြည်သူ့ လွှတ်တော်က အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အပေါ် ဆွေးနွေးပြီး ပြင်ဆင်ချက်များဖြင့် သဘောတူ ကြောင်း အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များကို ဆွေးနွေးပြီး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ဥပဒေကြမ်းအဖြစ် ဆက်လက် ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။
ယင်းနောက် ကလောမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒာလှမြင့် တင်သွင်းသည့် အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးက အာဆီယံအနေဖြင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ် ဖော်ပြချက် များနှင့်ဆက်စပ်၍ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေမှုများသည် ကမ္ဘာလုံးဆိုင်ရာ စံနှုန်း ပြည့်ဝနေသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို ချိုးဖောက်နေသကဲ့သို့ အာဆီယံအဖွဲ့ ကြီး၏ ပဋိညာဉ်ပါအခြေခံမူများ၊ ရည်ရွယ်ချက်များကို ချိုးဖောက်၊ ကျော်လွန်လုပ်ဆောင်နေပါကြောင်း၊ အခြေခံမူဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ အသက် သွေးကြောပင်ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင် ချမှတ်ထားသည့် ထိုအခြေခံမူများကို မိမိတို့ကိုယ်တိုင် ပြန်လည်ချိုးဖောက်နေသည်ကို အာဆီယံတာဝန်ရှိ သူများအားလုံးက သတိပြုကြရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုအခြေအနေများကို အာဆီယံနိုင်ငံများ၊ အာဆီယံခေါင်းဆောင်များ ပိုမိုသိရှိ နားလည်သဘောပေါက်နိုင်စေရန်အတွက် အထူးအလေးထား၍ ထိမိသေချာစွာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သင့်ပါကြောင်း၊ အာဆီယံနိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံအား ခွဲခြား ဆက်ဆံမှု ဆက်လက်လုပ်ဆောင်နေပါက မြန်မာတို့ ၏ အမျိုးသားရေးဂုဏ်သိက္ခာအရ အာဆီယံအဖွဲ့မှ နုတ်ထွက်ရန် လိုအပ်ခြင်းရှိ၊ မရှိ ထည့်သွင်းစဉ်းစား ကြရန်ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
ပြည်မဲဆန္ဒနယ်မှ ဦးမျိုး(ခ)ဦးမျိုးအောင်က အာဆီယံ၏ ပဋိညာဉ်ပါအခြေခံမူများသည် အာဆီယံကို နှစ်ပေါင်းများစွာ စည်းလုံးညီညွတ်စွာ ရပ်တည်စေခဲ့သည့် အခြေခံအုတ်မြစ်များဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတိုင်း တန်းတူရည်တူရပ်တည်နိုင်ရေး အာမခံပေးထားသောမူများလည်း ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် အခြေခံမူများကို ဖောက်ဖျက်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းနှင့် တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားမှုများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အခြားအဖွဲ့ဝင် နိုင်ငံများနည်းတူ တန်းတူရည်တူအခွင့်အရေးများ ရရှိသင့်သည့်အပြင် အာဆီယံအဖွဲ့အစည်းအတွင်း မိမိတို့၏အသံကိုလည်း အပြည့်အဝဖော်ထုတ်ခွင့်ရရှိ သင့်ပါကြောင်း။
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်၊ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ရန် နှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွင်း မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းသည် မည်သည့် အစိုးရမဆို အလေးထားဆောင်ရွက်ရမည့် တာဝန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် အာဆီယံပဋိညာဉ်ကို ကိုယ်တိုင် ချိုးဖောက်နေသည်ဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ၏ ကူညီစောင့်ရှောက်မှု အပေါ်တွင် များစွာ အသိအမှတ်ပြုပါကြောင်း၊ သို့သော် အာဆီယံ၏ ရပ်တည်ချက်များသည် ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရန် ခက်ခဲလာ သည်ဟုတင်ပြလိုပါကြောင်း၊ အာဆီယံ၏မူဝါဒကို အာဆီယံကိုယ်တိုင် မထိန်းသိမ်းနိုင်ခြင်းသည် ကြီးမားသောယုံကြည်မှု ဆုံးရှုံးရခြင်းဖြစ်ပါကြောင်း၊ ယုံကြည်မှုဆုံးရှုံးရသည့် အဖွဲ့အစည်းသည် ကြီးမား သောအဖွဲ့အစည်းဖြစ်ပါစေ မိမိ၏ဩဇာကို ရေရှည် ထိန်းသိမ်းနိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်သင့်၊ မသင့်အထိ အလေးအနက် စဉ်းစားရမည့်အချိန်ကို ရောက်နေပြီဖြစ်ပါကြောင်း၊ သံတမန်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ ဆောင်ရွက် ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ မိမိနိုင်ငံနှင့် ကိုက်ညီသော မြန်မာနိုင်ငံဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်သာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးအကျိုးစီးပွားများကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး က အာဆီယံသည် မိမိတို့မြန်မာနိုင်ငံ၏ ဖြစ်ရပ်မှန် များကို အခြေခံကျကျမသိဘဲ သွေးထိုးလှုံ့ဆော်မှု သတင်းစကားများကို ကြားသိနားယောင်၍ လက်ရှိ အခြေအနေနှင့် သွေဖည်ဆန့်ကျင်သည့် အာဆီယံ ပဋိညာဉ်စာချုပ်ကို ဖောက်ဖျက်ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါကြောင်း၊ အာဆီယံအဖွဲ့၏ မူလရည်ရွယ် ချက်သည် အလွန်ကောင်းပါကြောင်း၊ ဒေသတွင်းနိုင်ငံ များအချင်းချင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှု ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ စသည့် ကောင်းမွန် သည့်အချက်များကို ထိန်းသိမ်းဖော်ဆောင်ခဲ့သည့် အတွက် ကမ္ဘာကစောင့်ကြည့်ရသည့် အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမငြိမ် သက်မှုကြောင့် အစဉ်အလာကောင်းခဲ့သည့် အာဆီယံသည် ပဋိညာဉ်ပါအချက်များကို မျက်ကွယ်ပြုခဲ့ပါကြောင်း။
ထို့ကြောင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံနိုင်ငံအားလုံး၏ သဘောထားမဟုတ်ဘဲ နိုင်ငံတချို့၏ သဘောထားဟု မှတ်ယူ၍ရပါကြောင်း၊ ယခုအချိန်တွင် အစိုးရသစ်၊ လွှတ်တော်အသစ် ပေါ်ပေါက်ပြီး မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံကောင်းကျိုးများကို ကြိုးစားဆောင်ရွက်နေပါ ကြောင်း၊ အာဆီယံကိုဖြစ်ရပ်မှန်များ ဖြေရှင်း ဆွေးနွေးခြင်းနှင့် မိတ်မပျက်ဆက်ဆံရန်အတွက် တိကျပြတ်သားသည့် အစီအမံများနှင့် ထုတ်ပြန်အသိ ပေးသင့်ပါကြောင်း၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အချက်များကို သုံးသပ်ဆောင်ရွက်မှုများ ပြုလုပ်နိုင် ရန်အတွက် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့်က အာဆီယံသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို လိုလားပါက အပြန်အလှန်လေးစားမှု၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုနှင့် အာဆီယံ၏ သဘောတူညီထားသော မူဘောင်များ အပေါ်တွင်သာ အခြေခံ၍ ပြုမူဆောင်ရွက်သင့်ပါ ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောထားများကို ထုတ်ဖော်ပြောဆိုရာတွင် အခြေအနေအရပ်ရပ်ကို မျှမျှတတသုံးသပ်ပြီး အဖွဲ့ဝင် နိုင်ငံများအားလုံး၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို အလေးထားဆောင်ရွက်သင့်ပါ ကြောင်း၊ အာဆီယံ၏ သဘောထားတည်ငြိမ်မှုများကို အဖွဲ့ဝင်နိုင်ငံအားလုံးက မျှမျှတတနှင့် ဘက်မလိုက်ဘဲ အကောင်အထည်ဖော်နိုင်မှသာ ရလဒ်ကောင်း များရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲလိုလားသော နိုင်ငံဖြစ်သကဲ့သို့ အခြားအဖွဲ့ဝင် နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလည်း လေးစား ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနှင့်ဆက်ဆံရာတွင် ဆွေးနွေးညှိနှိုင်းရေးကို အလေးထား၍ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ လက်ရှိပကတိ နိုင်ငံရေးအခြေ အနေနှင့် ကိုက်ညီမှုမရှိသည့် အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် အာဆီယံအခြေခံမူများနှင့် ကွဲလွဲနေပါ သဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ အမျိုးသား အကျိုးစီးပွားနှင့် ပြည်သူလူထု၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်၍ သံတမန်ရေးနည်းလမ်းများဖြင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ထောက်ခံ ဆွေးနွေးသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေက အာဆီယံ ထုတ်ပြန်ချက် (၅) ရပ်သည် သဘောတူစာချုပ် (Treaty) မဟုတ်ဘဲ နိုင်ငံရေးအရေးအရာတွင်လည်း (Political Understanding/Commitment) သာဖြစ်ပြီး မည်သည့်နိုင်ငံကမှ အတည်ပြုချက် (Ratification) မလုပ်ခဲ့သလို နိုင်ငံရေးအရ တိုက်တွန်းချက် (Hortatory Language) မျှသာဖြစ်ပါကြောင်း၊ အာဆီယံထုတ်ပြန်ချက် (၅)ရပ်ကို မလိုက်နာပါက အစည်းအဝေးမတက်ရဆိုသည့် ကန့်သတ်ချက် လုံးဝပါဝင်ခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ပဋိညာဉ်တွင် မပါဝင်သည့်အချက်ကို ဖိလစ်ပိုင်အနေဖြင့် ဖန်တီးထည့်သွင်း၍ မရသည်ကို ထောက်ပြလိုပါကြောင်း။
နိုင်ငံအချင်းချင်းဆက်ဆံရေးမရှိပါက မိတ်ဖက် ယန္တရားလေဟာပြင် (Counterpart Vacuum) ဖြစ်ပေါ်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သဘာဝဘေး ပူးပေါင်းတုံ့ပြန်ရေးများ၊ လူသားချင်းစာနာမှု ဆောင်ရွက်ရေးများကို အဟန့်အတား ဖြစ်စေပါ ကြောင်း၊ ကာလရှည်ကြာ ဖယ်ကြဉ်ထားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးသည် ပြင်ပအင်အားကြီး နိုင်ငံများက မြန်မာ့အရေးကိုဖိတ်ခေါ်ပြီး ဒေသတွင်းကို အာဏာလွှမ်းမိုးမှုပြုလုပ်နိုင်သည်ကို သတိပြုသင့် ပါကြောင်း၊ ကမ္ဘာကြီး Multipolarity စနစ်ကို ကူးပြောင်းနေချိန်တွင် ဘက်စုံဖွံ့ဖြိုးမှု အလားအလာ ကောင်းနေသည့် အာဆီယံအဖွဲ့သည် ပို၍စည်းလုံး ရမည်ဖြစ်သော်လည်း အခြေခံမူကိုမျက်ကွယ်ပြုပြီး ကန့်သတ်ချုပ်ချယ်မှုများ ဆောင်ရွက်နေသည်ကို စိတ်မကောင်းစွာတွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားသိက္ခာ (National Point of Honour) ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မှန်ကန်စွာရပ်တည်ခဲ့ သည့်အတွက် နုတ်ထွက်စရာမလိုဘဲ အစည်းအဝေး ပြီးမှ Statement ထုတ်သည့်အတွက် ဖိလစ်ပိုင်ကသာ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် ၎င်းသာ အာဆီယံ က နုတ်ထွက်သင့်ပါကြောင်း ဆွေးနွေးသည်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေက ယခုအဆိုသည် အာဆီယံကို စိန်ခေါ် ခြင်းမဟုတ်ဘဲ အာဆီယံပဋိညာဉ်(ASEAN Charter)၊ နိုင်ငံတကာ စာချုပ်ဥပဒေနှင့် နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေတို့အပေါ် အခြေခံ၍ မိမိတို့၏ တရားဝင်ရပ်တည်ခွင့်ကို ပြန်လည်အသက်သွင်းရန် တောင်းဆိုခြင်းသာ ဖြစ်ပါကြောင်း၊ အာဆီယံ ထုတ်ပြန်ချက်(၅)ရပ်ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က မြန်မာနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရဆဲကာလ ဖြစ်ပါကြောင်း၊ ယင်းသဘောတူညီချက်သည် အကျပ်အတည်းကိုဖြေရှင်းရန် ရည်ရွယ်သော ယာယီ မူဘောင်တစ်ရပ်သာဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၁ ခုနှစ် အကျပ်အတည်းကာလအတွက် ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့သောမူဘောင်ကို ယနေ့အချိန်တွင် ဆက်လက်စည်းနှောင်ရန် ဥပဒေရေးရာအရ ဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ လုံလောက်သော အကြောင်း ပြချက်မရှိတော့ပါကြောင်း၊ အဆိုပါ မူဘောင်ကို လက်ရှိမြေပြင်အခြေအနေနှင့် ကိုက်ညီအောင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း သို့မဟုတ် အသစ် ပြုပြင်ထားသော မူဘောင်တစ်ရပ်ဖြင့် အစားထိုးခြင်းသည် ယခုအခါ တရားဝင်တောင်းဆိုခွင့်ရှိသော အချက်ဖြစ်လာပါကြောင်း။
ဤအဆိုသည် အာဆီယံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သို့မဟုတ် အာဆီယံမှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မဟုတ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးတွင် မိတ်ဝတ်မပျက်၊ သံတမန်ကျင့်ဝတ်ကို လေးစားလိုက်နာပါကြောင်း၊ အာဆီယံမိသားစု အတွင်း မိမိတို့၏ရပ်တည်မှုကို ယခုအချိန်တွင် ပြန်လည်သတ်မှတ်ရမည့်အချိန် ကျရောက်လာပြီ ဖြစ်ပါကြောင်း၊ အာဆီယံသဘောတူညီချက်(၅)ရပ်သည် မြန်မာနိုင်ငံကို အကန့်အသတ်မဲ့ချုပ်နှောင်ရန် ရည်ရွယ်သည့် ကိရိယာမဟုတ်ဘဲ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်ထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ငြိမ်းချမ်းရေးအတွက် သင့်လျော်သော လမ်းကြောင်းသစ်ကို မိမိတို့ကိုယ်တိုင် ဖန်တီးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အရေးကြီးသော အဆိုအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးကြစေလိုကြောင်း ထောက်ခံဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဦးအောင်သီဟက အာဆီယံအနေဖြင့် အချုပ်အခြာအာဏာပိုင် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ထုတ်ပြန်ချက် တစ်ရပ်အပေါ် အခြေခံ၍ ဝင်ရောက်စွက်ဖက်ခြင်း၊ လိုက်နာစေရန် နိုင်ငံရေးအရ ဖိအားပေးခြင်းတို့သည် အာဆီယံ၏ အခြေခံမူများနှင့် ကိုက်ညီမှုရှိ၊ မရှိ ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ထုတ်ပြန်ချက်နှင့် အာဆီယံအခြေခံမူများအကြား ကွဲလွဲမှုရှိ သည်ဟုယူဆပါက အာဆီယံ၏ အငြင်းပွားမှုဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများ (ASEAN Dispute Settlement Mechanisms)အတိုင်း ဆွေးနွေးညှိနှိုင်း ၍ ဖြေရှင်းသင့်ပါကြောင်း။
အာဆီယံအနေဖြင့် ဖိအားပေးမှုထက် အပြန် အလှန်လေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှုနှင့် ဆွေးနွေးညှိနှိုင်းမှုတို့ကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ အာဆီယံအနေဖြင့် ဖိအားပေးသည့်ရပ်တည် ချက်များကိုသာ ဆက်လက်ကိုင်စွဲနေပါက မြန်မာနိုင်ငံ၏ ပကတိအရှိတရားများနှင့် ကင်းကွာသွားနိုင်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံအဖွဲ့အတွင်း ယုံကြည်မှုတို့ကိုပါ ထိခိုက်စေနိုင်ပါကြောင်း၊ အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေး အခြေအနေ၊ လုံခြုံရေးအခြေ အနေ၊ တည်ဆဲဥပဒေများနှင့် အမျိုးသားအကျိုးစီးပွား တို့နှင့် ကိုက်ညီမှု ရှိ၊ မရှိကို ပြန်လည်သုံးသပ်ရန် အချိန်အခါသင့်ပြီဖြစ်ပါကြောင်း။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်အတွင်း အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးထောက်ခံတင်ပြခဲ့သော အချက်များ၊ မြန်မာနိုင်ငံ၏ တရားဝင်ရပ်တည်ချက်များနှင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်အပေါ် သုံးသပ်ချက်များကို လွှတ်တော်၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ စုစည်းပြုစု၍ အာဆီယံပါလီမန်များအဖွဲ့ (ASEAN Inter-Parliamentary Assembly-AIPA)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လွှတ်တော်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ သံတမန်နည်းလမ်းဖြင့် ပေးပို့ရှင်းလင်းဆောင်ရွက်သင့်ပါကြောင်း၊ သို့ပါ၍ ယခုအဆိုသည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တန်းတူ ရည်တူအခွင့်အရေးကို ကာကွယ်ရန် ရည်ရွယ်သည့် အဆိုဖြစ်သည့်အပြင် အချိန်အခါသင့်၊ အကြောင်း အရာသင့်၊ နိုင်ငံတော်အကျိုးနှင့် ကိုက်ညီသောအဆို တစ်ရပ်ဖြစ်ပါသောကြောင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ချောင်းဆုံ မဲဆန္ဒနယ်မှ ဦးစိုးသူက အာဆီယံ က ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှစတင်၍ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့၌ ပြုလုပ်သည့် မြန်မာ့အရေးဆိုင်ရာ ASEAN ထိပ်သီးအစည်းအဝေးတွင် မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက် (Asean Five Point Statement)ကို ထုတ်ပြန် ကြေညာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအပေါ် အာဆီယံ ထုတ်ပြန်ချက်(၅)ရပ်အနက် ပထမအချက်ဖြစ်သော အကြမ်းဖက်မှု ချက်ချင်းရပ်တန့်စေရန်ဆိုသော အချက်သည် အာဆီယံအခြေခံမူဖြစ်သော ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးမူကို လျစ်လျူထားသည်ကို တွေ့ရှိရပါကြောင်း၊ လွန်ခဲ့ သော (၅)နှစ်တာကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ပြီး နိုင်ငံတော်အကြီးအကဲ၊ EAO/ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့်တွေ့ဆုံခဲ့သော်လည်း မြန်မာနိုင်ငံဖြစ်တည်မှု အခြေအနေမှန်ကို သုံးသပ်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ အာဆီယံအစည်းအဝေးများတွင်လည်း မြန်မာနိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ခွင့်မရှိခြင်းသည် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံနေရသည်ကို တွေ့ရှိ ရပါကြောင်း။
မြန်မာနိုင်ငံသည် ယနေ့ထက်တိုင် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အဖွဲ့ဝင် တိုင်းရရှိသည့်အခွင့်အရေးတို့ကို ရရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော သဘောတူညီချက်များကို လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းပကတိ အနေအထား အရသုံးသပ်ပြီး အာဆီယံအဖွဲ့နိုင်ငံတိုင်း ရရှိသော အခွင့်အရေးကို မြန်မာနိုင်ငံလည်းရရှိစေရန် ရည်ရွယ်၍ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကျောက်တန်း မဲဆန္ဒနယ်မှ ဦးနိုင်ဝင်းက မြန်မာ့ အရေး အာဆီယံထုတ်ပြန်ချက်(၅)ရပ်ကို ၂၀၂၁ ခုနှစ် ကတည်းက ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခု(၅)နှစ်ကျော် သက်တမ်းအတွင်း ပြောင်းလဲလာသည့် မြေပြင်အခြေ အနေများကို ထင်ဟပ်နိုင်ခြင်းမရှိတော့ပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဆီသို့ တက်လှမ်းနေပြီ ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ပကတိအခြေအနေများနှင့် အပ်စပ်မှုမရှိသော ထုတ်ပြန်ချက်အဟောင်းကို အတင်းအကျပ် ဆက်လက်ဆုပ်ကိုင်မထားဘဲ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသော ပြင်ဆင်မှု(သို့) ပယ်ဖျက်မှုများ ဖြစ်လာစေရန် မဆုတ်မနစ်ညှိနှိုင်းရမည် ဖြစ်ပါကြောင်း။
မိမိတို့မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း မိမိတို့၏ လွတ်လပ် ရေး၊ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက် ခွင့်ပြုမည်မဟုတ်ပါကြောင်း၊ သို့ပါ၍ အာဆီယံမူဝါဒ နှင့်ကွဲလွဲနေပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိပါးနေသော ဤထုတ်ပြန်ချက်(၅)ရပ်ကို ပြင်ဆင် သို့မဟုတ် ပယ်ဖျက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ပကတိအခြေအနေများကို ချပြကာ ပြတ်ပြတ်သားသား ညှိနှိုင်းဆောင် ရွက်သွားရန် တိုက်တွန်းသည့်အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇) ဦးပြုံးချိုက ယခုအချိန် သည် အခြေအနေကောင်း အချိန်အခါကောင်းဖြစ် သည့်အတွက် အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် မိမိနိုင်ငံ၏ အခြေခံအကျဆုံးဖြစ်သည့် အချုပ်အခြာ အာဏာနှင့် ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးနှင့် အာဆီယံအခြေခံမူများကို သိသာထင်ရှားစွာ ချိုးဖောက်နေသဖြင့် မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီအောင် ပြန်လည် ထိန်းညှိရန် လိုအပ်နေပြီဖြစ်ပြီး ညှိနှိုင်းဆွေးနွေးရန် အဖြေရှာသင့်ပါကြောင်း၊ ပြန်လည်ထိန်းညှိရန် အချက်များတွင်လည်း သီးခြားတောင်းဆိုချက် မဟုတ်ဘဲ အာဆီယံပဋိညာဉ်တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်ရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားရေးလက္ခဏာများ လေးစားလိုက်နာကြရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရန်၊ တန်းတူညီမှုရရှိရေးတို့ကို ပြန်လည်ရရှိရန် ထိန်းညှိခြင်းသာ ဖြစ်ပါသောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၉) ဦးစိုးမင်းစမ်းက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံနှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့တွင် လာအိုနိုင်ငံနှင့်အတူ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ အာဆီယံ၏ အခြေခံမူများအတိုင်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက် စွက်ဖက်ခြင်းမရှိဘဲ အာဆီယံ၏ အသိုက်အဝန်းအတွင်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပါကြောင်း၊ ယခုအချိန် တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နည်းလမ်း အချို့ဖြင့် ကြိုးပမ်းလာသည်ကို တွေ့ရပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် မိမိတို့နိုင်ငံအား အာဆီယံအဖွဲ့အတွင်း ပြန်လည်ပါဝင်ဆွေးနွေး မှုများပြုလုပ်စေလိုသည်ကို တွေ့ရှိရပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံအချို့သာ အာဆီယံထုတ်ပြန်ချက် (၅)ရပ်ကို အပြုသဘော မဆောင်သည့်ဘက်မှ လိုသလိုအသုံးချပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့အစည်းအနေဖြင့် နောင်ရာစု နှစ်ပေါင်းများစွာတိုင်အောင် စည်းလုံးညီညွတ်စွာဖြင့် အဓွန့်ရှည်တည်တံ့စွာ ရပ်တည်နိုင်ရေးအတွက် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ အခွင့် အရေးဖြစ်သည့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာ ပိုမိုလက်တွေ့ကျပြီး မျှတသည့်နည်းလမ်းများဖြင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
ကန်ကြီးထောင့် မဲဆန္ဒနယ်မှ ဒေါ်ခင်စောမူက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် စတင်ဝင်ရောက်ချိန်မှစ၍ အာဆီယံ ၏ ပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်မှန်းချက်များနှင့် မူဝါဒများကို အလေးထား လိုက်နာဆောင်ရွက်ခဲ့ပြီး အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင် ခြင်းအပါအဝင် အာဆီယံအတွင်း မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများ၏ နှစ်စဉ်ပေးသွင်းရမည့် ရန်ပုံငွေများကိုလည်း မပျက်မကွက် ပေးဆောင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံထုတ်ပြန်ချက် (၅)ရပ်တွင် ပါဝင်သည့် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ အပြုသဘောဆောင်သည့် ဆွေးနွေးမှု များ ပြုလုပ်ရန်ဆိုသည့် အချက်များအပေါ် ဆောင် ရွက်ချက်များ တိုးတက်မှုမရှိဟု အာဆီယံက သုံးသပ် ထားပါကြောင်း၊ ပြည်သူများ ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များသည် လွှတ်တော်အသီးသီးတွင် ပြည်သူများပေးအပ်သည့် တာဝန်များကို ထမ်းဆောင်နေကြပြီး နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ပြီ ဖြစ်ပါကြောင်း။
ပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့သည့် အစိုးရကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ ဖိတ်ကြားခြင်းမပြုခြင်းသည် ပေးအပ်ခဲ့သော မြန်မာ နိုင်ငံသားများ၏ ဆန္ဒကိုမျက်ကွယ်ပြုရာ ရောက်သည့် အတွက် အာဆီယံ၏ မြန်မာနိုင်ငံအပေါ် ထုတ်ပြန် ချက်အား အာဆီယံနိုင်ငံများက ပြန်လည်သုံးသပ်ပေးရန် တိုက်တွန်းအပ်ပါကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် ချမှတ်ခဲ့သော အာဆီယံဆုံးဖြတ်ချက်များသည် အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့် အပြင် မြန်မာနိုင်ငံ၏ လက်ရှိတိုးတက်ပြောင်းလဲလာသော ပကတိအမှန်တရားများနှင့်လည်း ကိုက်ညီမှု မရှိသည့်အတွက် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့် အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိခဲ့ သည့်အတွက် ဆန္ဒမဲပေးမှုရာခိုင်နှုန်းသည် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ပြည်သူများက ၎င်းတို့ သဘောဆန္ဒအလျောက် တက်တက်ကြွကြွ လာရောက်မဲပေးခဲ့ကြပြီး ရွေးကောက်ပွဲတွင် ပြဿနာတစ်စုံတစ်ရာ ကြီးကြီးမားမား မဖြစ်ပွားခဲ့ဘဲ ပါတီအချင်းချင်းအသေးအဖွဲ တိုင်ကြားမှုသာရှိခဲ့ သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ် သည်မှာ သိသာထင်ရှားပါကြောင်း။
ရွေးကောက်ပွဲကို နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ လာရောက် လေ့လာခဲ့ကြပြီး အဆိုပါအဖွဲ့များက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ် ပြုခဲ့ကြပြီးဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနက် စင်ကာပူ၊ မလေးရှားနှင့် တီမောလက်စ်တေ နိုင်ငံများမှအပ ကျန်အဖွဲ့ဝင်နိုင်ငံများက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့ကြပါကြောင်း၊ ထို့ပြင် ဧပြီ ၁၀ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုပွဲ အခမ်းအနားသို့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း။
ယခုဆိုလျှင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူများက ရွေးချယ် ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်တစ်ရပ်ပေါ်ပေါက်လာ ခဲ့ပြီဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် သမ္မတရွေးချယ်ရေးအစုအဖွဲ့များက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော အစိုးရက နိုင်ငံ၏ တာဝန်ကို ထမ်းဆောင်နေခြင်းပင် ဖြစ်ပါကြောင်း။
မိမိတို့အစိုးရသည် ပြည်သူများက ရွေးချယ် တင်မြှောက်ထားသည့် အစိုးရဖြစ်သည့်အတွက် ပြည်သူများ၏ မျက်နှာကိုထောက်ထားပြီး အစိုးရ၏ ဂုဏ်သိက္ခာနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံအစည်း အဝေးများကို တက်ရောက်နေသော မြန်မာ ကိုယ်စားလှယ်အဖွဲ့များကလည်း မြန်မာနိုင်ငံ၏ ကတိကဝတ် ထားရှိခဲ့သည့်အတိုင်း ရွေးကောက်ပွဲ ဆောင်ရွက်ခဲ့မှုများနှင့် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားလျက်ရှိပါ ကြောင်း။
၂၀၂၆ ခုနှစ် မေ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ စီဘူး မြို့၌ ကျင်းပခဲ့သည့် (၄၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအပေါ် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြပြီး ခေါင်းဆောင် အများစုက ပကတိအခြေအနေမှန်များကို အသိအမှတ်ပြုလက်ခံခဲ့ကာ အပြုသဘောဆွေးနွေး ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို အဆင့်(၃)ဆင့်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အချို့သော အာဆီယံနိုင်ငံများသည် ပကတိအခြေ အနေမှန်ကို လက်ခံလာကြသည်ကို တွေ့ရှိရပါ ကြောင်း၊ ရွေးကောက်ခံအစိုးရ စတင်တာဝန်ထမ်း ဆောင်ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ပြန်လည်ထိတွေ့ဆက်ဆံမှုများပြုလုပ်ပြီး အစည်းအဝေးများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘော ဦးတည်ဆွေးနွေးမှုများရှိလာ သည်ကို တွေ့ရှိရပါကြောင်း။
လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်များတွင်လည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးဖော်ပြမှုများထက် အာဆီယံဥက္ကဋ္ဌ၏ မြန်မာ့အရေးဆောင်ရွက်ချက်များကို အပြုသဘော ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် အာဆီယံနှင့် ဆွေးနွေးဖက် ဆက်ဆံရေးနိုင်ငံများ၏ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတွင်လည်း မြန်မာ့အရေး ကိစ္စနှင့်ပတ်သက်၍ ယခင်ကလို ပြင်းပြင်းထန်ထန် ဖိအားပေးပြောကြားခြင်းမျိုး မရှိတော့ဘဲ အပြု သဘောဆွေးနွေးမှုများကို တွေ့ရှိလာရပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံနှင့် အာဆီယံဆက်ဆံရေးကို ပုံဖော်ကြရာတွင် ဆန့်ကျင်ဘက်မီဒီယာများနှင့် မြန်မာနိုင်ငံ၏အကျိုးကို မလိုလားသည့် မီဒီယာများ၏ လိုရာပုံဖော်ရေးသားဖော်ပြမှုများကိုလည်း သတိချပ်စေလိုကြောင်း။
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း အချို့သောနိုင်ငံများမှ တာဝန်ရှိ သူအချို့၊ ခေါင်းဆောင်တချို့၏ အပြုသဘော မဆောင်သည့် ပြောကြားချက်များကိုလည်း လွှတ်တော် ကိုယ်စားလှယ်ကြီးများ ကြားသိရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့၏ ပြောကြားချက်များသည် ပုဂ္ဂလိက ခံစားချက်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒအရဖြစ်ပြီး အာဆီယံအဖွဲ့ကြီးတစ်ခုလုံးကို ကိုယ်စားမပြုပါ ကြောင်း၊ အာဆီယံအဖွဲ့ကြီးတစ်ခုလုံးနှင့် သက်ဆိုင် သည်ဟုလည်း ယူဆ၍မရသည်ကို တင်ပြအပ်ပါ ကြောင်း၊ သို့သော်လည်း အာဆီယံအဖွဲ့၏ ပဋိညာဉ် စာတမ်းပါ တူညီဆန္ဒ(Consensus)မူအရ သက်ရောက်မှုတော့ ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အာဆီယံအဖွဲ့အတွင်း မိမိနိုင်ငံနှင့် ရင်းနှီးသော၊ မိမိတို့ကို ထောက်ခံသည့် သဘောထား ပျော့ပျောင်းသော နိုင်ငံအများစုရှိသလို မိမိတို့အပေါ် သဘောထားတင်းမာသည့် နိုင်ငံအချို့ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာ နိုင်ငံနှင့်ပတ်သက်ပြီး တူညီဆန္ဒမရရှိသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါနိုင်ငံများအပေါ် နှစ်နိုင်ငံဆက်ဆံရေးကို သီးခြားစီခွဲခြားသုံးသပ်ပြီး ထိတွေ့ဆက်ဆံဆောင်ရွက် သွားမည်ဖြစ်သည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း၊ အချို့သောအာဆီယံနိုင်ငံများမှအပ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုက မြန်မာနိုင်ငံအပေါ် ရင်းနှီးသော မိတ်ဆွေနိုင်ငံများအနေဖြင့် ပျော့ပျောင်းသော ဆက်ဆံမှုများ၊ အပြုသဘောဆောင်သော သဘောထားများရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် အာဆီယံနိုင်ငံများအနက် မိမိတို့အပေါ် သဘောထားတင်းမာသော နိုင်ငံအချို့ကို သတိထားပြီး ဆက်ဆံသွားမည်ဖြစ်ပါကြောင်း။
အစိုးရသစ်တက်လာပြီးနောက်ပိုင်း နှစ်လကျော် ကာလအတွင်း အာဆီယံနိုင်ငံများမှ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီး များသည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါကြောင်း၊ မကြာမီကာလများတွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံကို လာရောက်ရန်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် သမ္မတအနေဖြင့်လည်း အာဆီယံ၏ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ထားပြီး အိမ်နီးချင်းအင်အား ကြီး မိတ်ဆွေနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ် (Official Visit)နှင့် တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပါကြောင်း။
နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် တရုတ်သမ္မတက “မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆောင်ရွက်ချက်များနှင့် တည်ငြိမ် အေးချမ်းပြီး နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိမှုကို ထောက်ခံကြောင်း” ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် ခရီးစဉ်အတွင်း ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင်လည်း “မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံဘက်မှကြိုဆိုပြီး နိုင်ငံအတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ကြောင်း” ထည့်သွင်းဖော်ပြခဲ့ပါကြောင်း။
နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံစဉ်ကလည်း အိန္ဒိယဝန်ကြီးချုပ်က “မြန်မာနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း” ပြောကြားခဲ့ပါကြောင်း။
ထို့ကြောင့် မိမိတို့အစိုးရအပေါ် အိမ်နီးချင်း၊ အင်အားကြီးနှစ်နိုင်ငံက အားပေးထောက်ခံသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော် သမ္မတက လာအိုသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင်လဆန်းပိုင်းက လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း လာအိုသမ္မတက မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် လွတ်လပ်မျှတသော ရွေးကောက်ပွဲကို အသိအမှတ်ပြုပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအပေါ် အားပေးထောက်ခံပါကြောင်း၊ အာဆီယံအဖွဲ့အတွင်း ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိရေး တတ်စွမ်းသမျှ ထောက်ခံ ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပါကြောင်း၊ မကြာမီကာလများတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများသို့ နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ရန် ရှိကြောင်းကိုလည်း အသိပေးပြောကြားလိုပါကြောင်း။
ထိုအရာသည် မိမိတို့ရွေးကောက်ခံအစိုးရ တစ်ရပ်၏ သံတမန်ရေးအရ အောင်မြင်မှုနှင့် တရားဝင် ဖြစ်မှုတို့ကို ပြသလိုက်ခြင်းပင်ဖြစ်ပါကြောင်း၊ အာဆီယံအတွင်း မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပြန်လည်ထိတွေ့ ဆက်ဆံချဉ်းကပ်မှုကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံကို လာရောက်လျက်ရှိသည့် ခရီးစဉ်များက သက်သေပြနေပါကြောင်း၊ မကြာမီကာလအတွင်းတွင်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးတစ်ရပ် ကျင်းပသွားရန်ရှိပြီး မြန်မာနိုင်ငံကို ဖိတ်ကြားထားသည့်အတွက် မိမိဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်ရှိပါကြောင်း။
နိုင်ငံတော်သမ္မတကြီးကလည်း အာဆီယံအဖွဲ့အတွင်း အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှုပြုထားပြီးဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် အာဆီယံအနေဖြင့် မြန်မာ့အရေးကိစ္စနှင့်ပတ်သက်ပြီး တူညီဆန္ဒမရရှိသေးသော်လည်း နှစ်နိုင်ငံချင်း ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ ပြန်လည်ရရှိနေပြီး မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေး သည် ပြန်လည်တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အာဆီယံအတွင်းတွင် လည်း မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်များနှင့် ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်မှုများပြုလုပ်ရန် ဆွေးနွေးလျက်ရှိသည်ကို သတင်း မီဒီယာများက ဖော်ပြနေသည်ကို လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံး အသိပင်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မဝေးတော့သည့်အနာဂတ်တွင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိသွားမည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ ထိုကဲ့သို့ ရရှိရန်အတွက်လည်း မိမိတို့နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေအပေါ်မူတည်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ မိမိနိုင်ငံနှင့်ကိုက်ညီသော မြန်မာ ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်တို့နှင့်အညီ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုရှင်၏ သဘောထားအား မေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားရာ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုကို အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး အဋ္ဌမနေ့ကို ဇူလိုင် ၁၄ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


