တတိယလှိုင်းကို အထူးသတိပြုကာကွယ် 

mdn

နေပြည်တော် ၁၅ ဇူလိုင်

ကိုဗစ်-၁၉ တတိယလှိုင်းသည် ကမ္ဘာတစ်ခွင် ဖြစ်ပွားမှုမြင့်တက်နေသည်သာမက မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားမှုနှုန်း မြင့်မားနေသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇသစ်ကြောင့် ဖြစ်ပွားနှုန်း လျင်မြန်စွာမြင့်တက်နေပြီး ရောဂါနှင့် ဆက်စပ်ပတ်သက်၍ မြေပြင်အခြေအနေတွင် အောက်ဆီဂျင်ကျဆင်းမှုပြဿနာ များဖြစ်ပွားနေကာ အသက်သေဆုံးမှုများလည်း တစ်နေ့ထက်တစ်နေ့ မြင့်မား တိုးတက်နေသည်။ 

ကိုဗစ်-၁၉ ပထမလှိုင်းသည် ၂၀၂၀ ပြည့်နှစ် မတ်လမှ သြဂုတ်လခန့်အထိ ဖြစ်ပွားခဲ့သည်။ ယင်းကာလတွင် ရောဂါတွေ့ရှိမှု အများဆုံးမှာ ဧပြီလဖြစ်ပြီး ရောဂါတွေ့ရှိမှု နှစ်ရာခိုင်နှုန်းခန့်ရှိသည်။ ယင်းနောက် ရောဂါတွေ့ရှိမှု ပြန်လည် ကျဆင်းသွားသည်။ ဒုတိယလှိုင်း ဖြစ်ပွားမှုအများဆုံးလမှာ ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလဖြစ်ပြီး ပိုးတွေ့ရာခိုင်နှုန်း ၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် သေဆုံးမှု ၃ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ သေဆုံးမှုအများဆုံးကာလမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ဖြစ်ပြီး သေဆုံးသူ ၁၀၅၃ ဦး ရှိခဲ့သည်။ တတိယလှိုင်းသည် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက် နောက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး ယခုဆက်လက်ဖြစ်ပွားနေသည်။ သေဆုံး မှုနှုန်းမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်ဖြစ်သည်။

ထို့ကြောင့် ဒုတိယလှိုင်းဖြစ်ပေါ်စဉ်က သေဆုံးမှုအများဆုံးအချိန်သည် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အများဆုံးဖြစ်ရာ ကိုဗစ်-၁၉ ဖြစ်စဉ်သည် ရာသီဥတုအပေါ်တွင်လည်း မူတည်နေသည်ကို တွေ့ရသည်။ ကိုဗစ်၁၉ ရောဂါ၏ သဘာဝသည် ပူပြင်းခြောက်သွေ့မှုကို မနှစ်သက်ဘဲ အေး၍စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်သည့်သဘောရှိသည်။ ယခုအချိန်ကာလသည် စွတ်စိုသော မိုးရာသီကာလဖြစ်ပြီး လာမည့်ကာလတွင် အေး၍စွတ်စိုသော ကာလဖြစ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အထူးသတိပြုထားရမည်ဖြစ်သည်။ ယခုကာလ၌ နေရောင်ခြည်ကိုရရှိခြင်းသည် ရောဂါကာကွယ်ရေးအတွက် အထောက်အကူပြုသဖြင့် တန်ဖိုးရှိစွာအသုံးပြုရမည်ဖြစ်သည်။

လက်ရှိတွင် ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲကာလဖြစ်ပြီး စိတ်ချရသည့် ရာသီဥတုအနေအထားမရှိသေးသောကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာကြရန်လိုအပ်ပေသည်။ ယခုနှစ် မေလ ကုန်နှင့် ဇွန်လအတွင်း ရောဂါပိုးတွေ့ရှိမှု ၁၂ ဒသမ ၁ ရာခိုင်နှုန်းရှိရာမှ ယခု လဆန်းပိုင်းတွင်ပင် ၂၃ ရာခိုင်နှုန်းအထိ ရောဂါပိုးတွေ့မှုမြင့်တက်လာသည်ကို တွေ့နေရသည်။ ဆက်လက်၍လည်း ရောဂါဖြစ်ပွားနှုန်း မြင့်တက်နေမည့်သဘောရှိ၍ အရေးအကြီးဆုံး လုပ်ဆောင်မှုဖြစ်သည့် ရောဂါကာကွယ်ရေးကို လူတိုင်းလူတိုင်း အထူးသတိပြုလုပ်ဆောင်ကြရန် လိုအပ်ပေသည်။ လူစုလူဝေးကို ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး အချိန်ကြာမြင့်စွာ စကားပြောဆိုခြင်းမပြုရန်၊ မဖြစ်မနေ အပြင် ထွက်ရလျှင်လည်း မျက်နှာ၊ ပါးစပ်၊ နှာခေါင်း အကာအကွယ်များတပ်ဆင်ရန်လိုအပ်ပြီး တပ်ဆင်သည့်နေရာတွင် ဝတ်ကျေတန်းကျေသဘောမဟုတ်ဘဲ စနစ်တကျဖြင့် လုံခြုံစွာတပ်ဆင်ကြရန် လိုအပ်သည်။

အပြင်သို့သွားရောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံခြင်းရှိပါက အကာအကွယ်များကို ချက်ချင်းစွန့်ပစ်ခြင်း၊ သန့်စင်ခြင်း၊ ပိုးသတ်ခြင်း ပြုလုပ်ကြ ရန်လိုအပ်ပြီး အဝတ်အစားများကိုပါ ချက်ချင်းဆေးကြောသန့်စင်ခြင်းတို့ ပြုလုပ် ကြရန်လိုအပ်သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါပိုးသည် လူ၏ခန္ဓာကိုယ်တွင် မျက်စိ၊ နှာခေါင်း၊ ပါးစပ် ဤသုံးနေရာမှသာ ဝင်ရောက်နိုင်သဖြင့် ၎င်းသုံးနေရာကို လုံခြုံစွာ ကာကွယ်ထားရန် လိုအပ်သည်။ ထို့ကြောင့် လက်ကို ဆပ်ပြာ၊ ပိုးသတ်ဆေး ရည်တို့ဖြင့် မကြာခဏ ဆေးကြောရန်လိုအပ်ပြီး လက်ကိုသန့်စင်ခြင်းမပြုဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို ကိုင်တွယ်မိပါက အလွယ်တကူ ရောဂါကူးစက်ခံရ မည်ဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နီးစပ်ရာဆေးမြီးတိုဖြင့် ကုသခြင်းမပြုဘဲ ဆရာဝန်များ၏ လမ်းညွှန်ပေးသည့်အတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ အောက်ဆီဂျင်ကျဆင်းနေလျှင် အရေးပေါ် သက်သာကောင်းမွန်စေသည့်နည်း လမ်းကို စနစ်တကျ ပြုလုပ်တတ်ရန် လိုအပ်သည်။ ယခုအခါ ကိုဗစ် - ၁၉ ရောဂါ သည် ပြည်သူလူထုအတွင်း ပျံ့နှံ့နေပြီဖြစ်၍ အထူးစိုးရိမ်ပူပန်ခြင်းလည်းမဖြစ်၊ အထူးပေါ့ဆခြင်းလည်းမဖြစ်သည့် အစွန်းနှစ်ပါးကိုရှောင်ရှား၍ အထူးဂရုစိုက်ကြရန် လိုအပ်ပါကြောင်း။ ။

ကြေးမုံ