တတိယမြောက်ပွဲအဖြစ် ကမ္ဘာ့ချန်ပီယံဟောင်းနှင့် ဘုန်းမြင့်ကျော်(ခ)အားတီတို့ ယှဉ်ပြိုင်မည်

ရန်ကုန် ၂ မေ

 

မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော်(ခ)အားတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန်မြို့၌ ပြုလုပ်လျက်ရှိသော Chinese 8 Ball ပြိုင်ပွဲ၌ ၎င်း၏ တတိယမြောက်ပွဲစဉ်ကို မေ ၃ ရက် ည ၇ နာရီ (မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ)တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ကစားရမည့်ပြိုင်ဘက်မှာ Liu Hai Tao ဆိုသူဖြစ်ပြီး ၎င်းသည် ကမ္ဘာ့ချန်ပီယံဟောင်းနှင့် တရုတ်လက်ရွေးစင် 9 Ball ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုပွဲသည် Liu Hai Tao အတွက် ပွဲဦးထွက်ပွဲလည်း ဖြစ်သည်။

 

ဘုန်းမြင့်ကျော်(ခ)အားတီသည် Liu Hai Tao နှင့် နှစ်ပွဲကစားဖူးပြီး အတွေ့အကြုံချင်း ကွာခြားမှုကြောင့် နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ဖူးရာ ယခုတွေ့ဆုံမည့် တတိယမြောက်ပွဲသည် ရှုံးကြွေးပြန်ဆပ်ခွင့်ရမည့်ပွဲ ဖြစ်လာလိမ့်မည်ဟု ဘုန်းမြင့်ကျော်(ခ)အားတီ ပြောသည်။

 

"သူက အဖက်ဖက်က ပြည့်စုံကောင်းမွန်တဲ့ ပလေယာကောင်း တစ်ဦးပါ။ အတွေ့အကြုံ နုသေးတဲ့အချိန်က သူ့ကို ကျွန်တော် နှစ်ပွဲရှုံးခဲ့ဖူးပါတယ်။ အခုပွဲက ခက်ခဲမယ့်ပွဲ ဖြစ်နိုင်ပေမယ့် သူ့ကို ယှဥ်ပြိုင်နိုင်မယ့် အတွေ့အကြုံကောင်းတွေ ကျွန်တော့်မှာ ရှိနေပါပြီ။ ကျွန်တော် ရှုံးကြွေးပြန်ဆပ်ခွင့် ရတော့မယ့်ပွဲပါ။ ရှုံးကြွေးပြန်ဆပ်နိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

 

ထိပ်တန်းကစားသမားရှစ်ဦး ပါဝင်ယှဉ်ပြိုင်ရသော Chinese 8 Ball ပြိုင်ပွဲသည် ကစားသမားတစ်ဦးလျှင် ခုနစ်ပွဲထိုးရမည်ဖြစ်ရာ ပထမအဆင့်ပတ်လည်ပွဲစဉ်များကို မေလအတွင်း အပြီးထိုးရမည် ဖြစ်သည်။ ဘုန်းမြင့်ကျော်(ခ)အားတီသည် မေ ၃ ရက်ညတွင် Liu Hai Tao နှင့် ထိုးပြီးနောက် မေ ၅ ရက်တွင်  Zheng Yu Bo၊ မေ ၁၅ ရက်တွင် Yang Fan တို့နှင့် ကစားရမည်ဖြစ်ပြီး ၎င်းကစားသမားသုံးဦးစလုံး ကမ္ဘာ့ချန်ပီယံဟောင်း ဖြစ်သည်။  ထို့နောက် မေ ၁၆ ရက်တွင် အိုးပင်းချန်ပီယံဟောင်းတစ်ဦးဖြစ်သူ Wu Zheng Yu နှင့် ပထမအဆင့်ပွဲစဉ်များ၏ နောက်ဆုံးပွဲအဖြစ် မေ  ၃၁ ရက်တွင် Chu Bing Jie  နှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ Chu Bing Jie သည် ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်ပြီး ယခုပြိုင်ပွဲ၌ ရလဒ်ကောင်းများ ရရှိနေသူလည်း ဖြစ်သည်။‌

 

အာကာစိုး