တူကီယဲနိုင်ငံ၌ ပြင်းအား ၅ ဒသမ ၉ ပမာဏရှိငလျင်လှုပ်ခတ်မှုကြောင့်   လူ ၂၂ ဦးထက်မနည်း ဒဏ်ရာရ

နိုဝင်ဘာ ၂၃

တူကီယဲနိုင်ငံအနောက်မြောက်ပိုင်း ဒတ်ဇီပြည်နယ်တွင် ယနေ့မနက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၉ ပမာဏရှိငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူတစ်ဦးအပါအဝင်  ၂၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာက ပြောကြားသည်။

အဆိုပါငလျင်သည် ဂိုရာကာခရိုင်အလယ်ပိုင်းတွင် မနက် ၄ နာရီ ၈ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သဘာဝဘေးနှင့်အရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်များက ဆိုသည်။

တူကီယဲနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်နှင့် အခြားဝန်းကျင်ဒေသများလည်း ငလျင်ဒဏ်ခံခဲ့ရသည်။

ဂိုရာကာခရိုင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဓာတ်အားများပြတ်တောက်သွားကြောင်းနှင့် လူများအထိတ်တလန့် ထွက်ပြေးသွားကြကြောင်း ဖော်ပြထားသည်။

ဒတ်ဇီပြည်နယ်တွင် ၁၉၉၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၂ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၈၀၀ ခန့် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို