တူကီယဲနိုင်ငံရှိရွှေတွင်းပြိုကျမှုတွင်ပိတ်မိနေသူကိုးဦးအား ရှာဖွေကယ်ဆယ်မှုများဆက်လက်လုပ်ဆောင်လျက်ရှိ

ဖေဖော်ဝါရီ ၁၅

တူကီယဲနိုင်ငံအရှေ့ပိုင်းတွင်ယမန်နေ့ကရွှေတွင်းပြိုကျမှုဖြစ်ပွားပြီးနောက်မြေအောက်တွင်ပိတ်မိနေသော ရွှေတွင်းလုပ်သား ကိုးဦးအားရှာဖွေကယ်ဆယ်မှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းဖော်ပြထားသည်။ မီတာ ၂၀၀ နီးပါး အမြင့်ရှိ ဆင်ခြေလျှောတစ်လျှောက်တွင်ယင်းမြေပြိုမှုကိုတွေ့ရှိရသည်ဟု တူကီယဲပြည်ထဲရေးဝန်ကြီးကဆိုသည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် လူပေါင်း ၈၂၇ ဦး ပါဝင်ခဲ့သည်ဟုသိရသည်။ ထိုရွှေတွင်းရှိ အခြားသောအလုပ်သမားများကလည်း ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များကို ကယ်ဆယ်ရန်ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်လျက်ရှိကြောင်းဖော်ပြထားသည်။ တူကီယဲနိုင်ငံရှိ သတ္တုတွင်းလုပ်ငန်းများတွင် ဘေးကင်းလုံခြုံမှုအားနည်းသည်။ ၂၀၂၂ ခုနှစ်က Black Sea ကမ်းရိုးတန်းရှိ Amasra ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အလုပ်သမား ၄၁ ဦးသေဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်က တူကီယဲနိုင်ငံအနောက်ပိုင်း ဆိုမာဒေသရှိ ကျောက်မီးသွေးတွင်းတွင် အဆိုးရွားဆုံးသော သတ္တုတွင်းသဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၀၁ ဦးသေဆုံးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို