တူနီးရှားနှင့် ရုရှားနိုင်ငံတို့တွင် ဘတ်စ်ကားတိမ်းမှောက်မှုများ ဖြစ်ပွား

၂ ဒီဇင်ဘာ

တူနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း မြစ်တစ်စင်းအတွင်းသို့ ခရီးသည်များတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စင်း ထိုးကျမှုဖြစ်ပွားရာ လူပေါင်းဒါဇင်ကျော် သေဆုံးမှုဖြစ်ပွားခဲ့သည်။

ယမန်နေ့က အကွေ့အကောက်များသည့် လမ်းမကြီးပေါ်တွင် ခရီးသည် ၄၃ ဉီးတင်ဆောင်လာသည့် ဘတ်စ်ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် ၁၈ ဉီးမှှာ ဒဏ်ရာရရှိခဲ့ပြီး ၂၄ဉီးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး တူနီးရှား နိုင်ငံပိုင်သတင်းဌာနက ပြောကြားခဲ့သည်။

ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူအများအပြားမှာ တူနီးရှားမှ ခရီးသည်များဖြစ်ကြောင်း မီဒီယာများက ဖော်ပြကြသည်။

မြစ်၏အောက်ခြေတွင် ပြင်းထန်စွာ ပျက်စီးနေသည့် ကားကို ဖော်ပြထားပြီး ခရီးသည်များ၏ ထိုင်ခုံများမှာလည်း အနီးရှိ မြစ်ထဲသို့ ထိုးကျသွားကြောင်း ဗွီဒီယိုဖိုင်တွင် ရိုက်ကူးထားသောပုံများအရ  သိရသည်။

အဆိုပါ လမ်းမပေါ်တွင် မတော်တဆမှုများသည် မကြာခဏဖြစ်ပျက်လျက်ရှိနေကြောင်းနှင့် ထိုကဲ့သို့ မတော်တဆမှုမဖြစ်ပွားစေရန် အစီအမံများပြုလုပ်သင့်ကြောင်း မျက်မြင်သက်သေတစ်ဉီးက ပြောကြားခဲ့သည်။

အဆိုပါ နေ့အတွင်း အခြားမတော်တဆမှုတစ်ခုမှာ ဆိုက်ဘေးရီးယားအရှေ့ပိုင်း ဇာဘိုင်ကာလ်စကီးတွင်လည်း မြစ်တစ်စင်းအတွင်းသို့ ဘတ်စ်ကားတစ်စင်းထိုးကျမှု ဖြစ်ပွားခဲ့သေးသည်။

၎င်းဘတ်စ်ကားမှာ အဆိုပါဒေသ၏ အဓိကမြို့ဖြစ်သည့် ချီတာဒေသသို့ ဉီးတည်သွားရောက်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါ မတော်တဆမှုဖြစ်စဉ်တွင် ၁၉ ဉီး သေဆုံးခဲ့ပြီး ၂၁ ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။ ယာဉ်ပေါ်တွင် လူပေါင်း ၄၀ ကျော်လိုက်ပါလာသည်ဟု ဆိုသည်။

အဆိုပါ မတော်တဆမှုဖြစ်စဉ်မှာ ကားတာယာပွင့်ထွက်မှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသန္တရရဲက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်