တူရကီ နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်

၄ ဖေဖော်ဝါရီ

 

တူရကီ နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ မြင့်တက်လာသည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ယမန်နေ့က ပြောကြားခဲ့သည်။

 

အဆိုပါ ရောဂါကူးစက်မှုသည် ဆက်လက် မြင့်တက်နေမည့်ပုံ ရှိသည်။ ထိုဗီဇပြောင်း ဗိုင်းရပ်စ်သည် ပိုမိုကူးစက်လွယ်ပြီး ရောဂါလက္ခဏာများ စောစီးစွာပြသကြောင်း ၎င်းက သတင်းထောက်များကို ပြောသည်။

 

နိုင်ငံအတွင်းရှိ မြို့ ၁၇ မြို့တွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နေသော တူရကီနိုင်ငံသား ၁၂၈ ဦး ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်က ကျန်းမာရေးဝန်ကြီး က သတင်းထုတ်ပြန်ခဲ့သည်။

 

ယမန်နေ့က ရောဂါကူးစက်မှု လက္ခဏာပြသူ ၆၃၂ ဦး အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၁၀၂ ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုထားသည်။ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၅၀၁၀၇၉ အထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၁၇ ဦး ရှိပြီး သေဆုံးသူပေါင်း ၂၆၃၅၄ ဦး အထိ ရှိလာသည်။ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ၂၃၈၇၃၈၄ ဦးအထိ ရှိသည်။

 

အာဏာပိုင်များက တရုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး CoronaVac ကို အရေးပေါ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်တွင် ကျန်းမာရေး လုပ်သားများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု စတင်လုပ်ဆောင်ခဲ့သည်။

 

ယခုအချိန်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၂၄၀၀၀၀၀ ကျော်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို