တယ်လီမက်တစ်နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး

၁၀  အောက်တိုဘာ

ခရီးသွားပြည်သူများကို တစုတဝေးတည်းဖြင့် သယ်ယူပို့ဆောင်ပေးကြရသော အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် ဖြစ်ထွန်းအောင်မြင်ရေးနှင့် ရေရှည်တည်တံ့ရေးတို့အတွက် ဝန်းရံဖြည့်ဆည်း ပေးရမည့် ကိစ္စရပ်များစွာထဲတွင် အဆင့်မြင့်နည်းပညာသုံး တယ်လီမက်တစ်စနစ်လည်း အပါအဝင်ဖြစ်သည်။ ကုန်လွန်ခဲ့ပြီးသော ခေတ်ကာလများကတည်းက အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ရှိခဲ့ပြီး ဖြစ်သော်လည်း ကမ္ဘာ့မြို့ကြီးပြကြီးများ၌ လူဦးရေ ပိုမိုသိပ်သည်းထူထပ်လာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါများလာခြင်းနှင့် မြို့ပြဧရိယာ ပိုမိုကျယ်ပြန့်လာခြင်းစသော အကြောင်းများကြောင့် ခေတ်သစ်အများပြည်သူ သယ်ယူပို့ဆောင်ရေးကို စီမံခန့်ခွဲရသည့် ပုံစံများကလည်း လိုက်လျောညီထွေ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

ဘတ်စ်ကားအစီးရေ ပိုမိုပြေးဆွဲပေးရခြင်း၊ ပို့ဆောင် ရေးလမ်းကြောင်းများ ချဲ့ထွင်သတ်မှတ်ပေးရခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကို အဆင့်မြှင့်တင်ပေးရခြင်း၊ ယာဉ်လမ်းကြောင်း ထိန်းချုပ်ကွပ်ကဲရေးစနစ်တွင် အဆင့်မြင့် နည်းပညာများကို သုံးစွဲလာရခြင်း၊ ယာဉ်စီးခပေးချေမှုတွင် ကြိုတင်ငွေပေးချေကတ်များ သုံးစွဲလာရခြင်း၊ ယာဉ်ကြောစီးဆင်းမှုမြန်ဆန်သွက်လက်အောင် ခေတ်သစ်နည်းပညာများကို အသုံးချရခြင်းစသော ဝန်းရံဖြည့်ဆည်းပေးရမှုများသည် မျက်မှောက်ကာလ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို စိန်ခေါ်နေမှု များအား ရင်ဆိုင်ဖြေရှင်းရာ၌ မဖြစ်မနေ လုပ်ဆောင်နေကြရသော လုပ်ငန်းဆောင်တာများ ဖြစ်လာရသည်။

ထိုကဲ့သို့သော လုပ်ငန်းဆောင်တာများထဲတွင် ခေတ်သစ်နည်းပညာသုံး တယ်လီမက်တစ် (Telematics) စနစ် ကလည်း တစ်ခုအပါအဝင် ဖြစ်လျက်ရှိနေသည်။ တယ်လီမက် တစ်ဆိုသည်မှာ ဆက်သွယ်ရေးနည်းပညာကို အသုံးချပြီး သတင်းအချက်အလက်များကို ပေးပို့လက်ခံသော ခေတ်သစ်စနစ်တစ်ခု ဖြစ်သည်။ Telematics ၏ မူရင်း ပြင်သစ်ဝေါဟာရမှာ Telematique ဖြစ်ပြီး Telecomm- unication နှင့် Informatique ဝေါဟာရများကို ပေါင်းစပ် ခေါ်ဝေါ်ထားသော ခေတ်သစ်ဝေါဟာရ ဖြစ်သည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတချို့တွင် တယ်လီမက် တစ်စနစ်ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ရှေ့တန်းတင်ဦးစားပေး သုံးစွဲလျက်ရှိနေကြသည်။ တယ်လီမက်တစ်စနစ်တွင် အဓိကအားဖြင့် ထိန်းချုပ်ရေး စင်တာနှင့် ရွေ့လျားမှုအပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းပါဝင်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တစ်ရပ် အတွင်း ဖွဲ့စည်းပါဝင်ပြေးဆွဲကြမည့် ဘတ်စ်ကားအားလုံးတွင် တယ်လီမက်တစ်စနစ်၏ ရွေ့လျားမှုအပိုင်း၌ ပါဝင်သည့် စက်ပစ္စည်းများကို ကြိုတင်တပ်ဆင်ပေးထားရပြီး၊ အဆိုပါဘတ်စ်ကားများ၏ ရွေ့လျားမောင်းနှင် သွားရာ လမ်းကြောင်းတစ်လျှောက်ကို ထိန်းချုပ်ရေးစင်တာမှနေ၍ စောင့်ကြည့်ထိန်းချုပ်သော စနစ်ဖြစ်သည်။

တယ်လီမက်တစ် ထိန်းချုပ်ရေး စင်တာအနေဖြင့် လူနာတင်ယာဉ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများ၊ ယာဉ်ထိန်း တပ်ဖွဲ့များ၊ ကရိန်းဝန်ဆောင်မှုဌာနများ၊ မီးသတ်စခန်းများ၊ မြူနီစပယ်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ စသည်တို့နှင့် ကြိုတင် ချိတ်ဆက်ထားရ သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်၌ ပါဝင် ပြေးဆွဲနေကြသော ဘတ်စ်ကားများအနေဖြင့် လမ်းကြောင်းပေါ်၌ စက်ချွတ်ယွင်းခြင်း၊ ယာဉ်တိုက်မှုဖြစ်ခြင်း၊ အကြမ်းဖက်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်း၊ သဘာ၀ဘေး အန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့ရခြင်း၊ ဘတ်စ်ကားပေါ်၌ ပြဿနာဖြစ်ပွားပြီး အခြေအနေတင်းမာလာခြင်း၊ အုပ်စု ဖွဲ့၍ ယာဉ်မောင်းကိုအနိုင်ကျင့်ခြင်း၊ အမျိုးသမီးခရီးသည် များ ကာယိန္ဒြေထိပါးခံရခြင်း၊ ခါးပိုက်နှိုက်ခံရခြင်း စသော မလိုလားအပ်သည့် ကိစ္စရပ်တစ်ခုခုဖြစ်ပွားပါက ယာဉ်မောင်းသူက ထိန်းချုပ်ရေးစင်တာသို့ သတင်းပို့ပြောကြားခြင်း၊ လျှို့ဝှက်ခလုတ်နှိပ်၍ အသိပေး အကြောင်းကြားကာ အကူအညီတောင်းခံခြင်းများကို ပြုလုပ်နိုင်ကြသည်။

ဘတ်စ်ကားယာဉ်မောင်းများကို ထိရောက်စွာ အကူအညီပေး

တယ်လီမက်တစ်စနစ်၏ အရေးပါသော အစိတ်အပိုင်းများမှာ ဂျီပီအက်စ်(GPS) ခေါ် ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် (Global Positioning System)နှင့် ဆက်သွယ်ရေးကွန်ရက် (Telecom Network)တို့ပင် ဖြစ်ကြသည်။ ဂျီပီအက်စ်ကြောင့် ဘတ်စ်ကားများတည်ရှိရာနေရာကို အတိအကျသိနိုင်ပြီး ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် ထိန်းချုပ်ရေးစင်တာသို့ အချက်အလက်များ ပေးပို့ခြင်းအားဖြင့် ခရီးစဉ်လမ်းကြောင်းတစ်လျှောက် ပြေးဆွဲမောင်းနှင်နေကြသော ဘတ်စ်ကားများ၏ တည်နေရာနှင့် အခြေအနေ အရပ်ရပ်ကို ထောက်လှမ်းသိရှိကာ အရေးပေါ် ကူညီပံ့ပိုးပေးနိုင်ကြသည်။ တယ်လီမက် တစ်စနစ်သည် ထောင်နှင့်ချီသော ခရီးသည်များကို မိမိတစ်ဦးတည်း နေ့စဉ်မောင်းနှင် ပို့ဆောင်ပေးနေကြရသည့် ဘတ်စ်ကား ယာဉ်မောင်းများကို ထိရောက်စွာ အကူအညီပေးနိုင်သော ‌ခေတ်သစ်စနစ်တစ်ရပ်ပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပ နိုင်ငံအားလုံးတို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် တယ်လီမက်တစ်စနစ်ကို အပြည့်အဝ အသုံးချထားသည်ကို တွေ့ရှိနိုင်သည်။ တစ်နံတစ်လျား ကျယ်ပြန့်လှသော အမေရိကန်ပြည်ထောင်စုအတွက် တယ်လီမက်တစ် စနစ်က အလွန်ပင် အထောက်အကူ ဖြစ်စေသည်။ မြို့ကြီး တစ်မြို့တည်း၌ပင် နယ်မြေကန့်သတ်ပြီး ထိန်းချုပ်ရေးစင်တာများထားရှိကာသန်းနှင့်ချီသော ဘတ်စ်ကားများနှင့် ထောင်နှင့်ချီသော ဘတ်စ်ကားလိုင်းများကို စနစ်တကျ ထိန်းချုပ်ကာ စီမံဆောင်ရွက်လျက်ရှိသည်။

နယ်မြေချင်းထိစပ်နေကြသော အနောက်ဥရောပနိုင်ငံများ၌မူ မြို့နယ်နှင့်စီရင်စုများအလိုက် တယ်လီမက် တစ်စနစ်ဖြင့် ထိန်းချုပ် ဆောင်ရွက်နေကြသလို နယ်စပ်ဖြတ်ကျော်လမ်းပိုင်းများ၌ပါ နိုင်ငံအလိုက် နယ်နိမိတ် နယ်မြေများ ခွဲခြားသတ်မှတ်ကာ တယ်လီမက်တစ်စနစ်ဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ထိန်းချုပ် ဆောင်ရွက်လျက်ရှိနေကြသည်။ အဆိုပါနိုင်ငံများတွင် အများပြည်သူပို့ဆောင်ရေး ဘတ်စ်ကားများသာမကဘဲ ကုမ္ပဏီပိုင်ကားများနှင့် အဖွဲ့အစည်းပိုင် လုပ်ငန်းသုံးကားများကပါ တယ်လီမက်တစ်ထိန်းချုပ်ရေးစနစ် အတွင်းပါဝင်ကာ မောင်းနှင်သွားလာလျက် ရှိနေကြသည်။

ကမ္ဘာ့နိုင်ငံများ၌ အပြည့်အဝအသုံးချ

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံစာရင်းဝင် ဂျပန်နိုင်ငံ၌လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် တယ်လီမက်တစ် စနစ်၏ အထောက်အကူကို အပြည့်အဝ အသုံးချထားသည်။ ခရီးသည်တင်ဘတ်စ်ကားများ၊ လေဆိပ်နှင့် မြို့တွင်း အသွားအပြန်ပြေးဆွဲသော ဘတ်စ်ကားများ၊ ဘူတာရုံနှင့် မြို့တွင်းအသွားအပြန် ပြေးဆွဲသောဘတ်စ်ကားများ၊ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားများသည် တယ်လီမက်တစ်ထိန်းချုပ်ရေးစင်တာများနှင့် ချိတ်ဆက်ကာ အချိန်မှန် ပြေးဆွဲမောင်းနှင်လျက်ရှိနေကြသည်။

အာရှထိပ်တန်းနိုင်ငံတစ်ခုဖြစ်သော တောင်ကိုရီးယားနိုင်ငံ၌လည်း အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားများ၊ လေဆိပ်နှင့်ဘူတာရုံများမှ မြို့တွင်း သို့ပြေးဆွဲသော ဘတ်စ်ကားများ၊ လေဆိပ်အချင်းချင်း ချိတ်ဆက်ပြေးဆွဲသော လွန်းပြန်ရထားများသည် တယ်လီမက်တစ် ထိန်းချုပ်ရေးစင်တာများနှင့် ချိတ်ဆက်ကာ အချိန်မှန်မှန် ပြေးဆွဲပေးလျက် ရှိနေကြသည်။

ရာဇဝတ်မှုများ အချိန်မီတားဆီးကူညီ

လက်ရှိအားဖြင့် ကမ္ဘာ့လူဦးရေ ဒုတိယအထူထပ်ဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယတွင် ဘတ်စ်ကားလိုင်းပေါင်း ထောင်ဂဏန်းမျှရှိနေသလို ညပိုင်းများ၌လည်း အချိန်အတော်နောက်ကျသည်အထိ ပြေးဆွဲပေးလျက် ရှိနေသည်။ ခရီးသည် အသွားအလာကျဲလာသည့် ညပိုင်းနောက်ကျသည့် အချိန်များ၌ ဘတ်စ်ကားများကို အကြောင်းပြု၍ ရာဇဝတ်မှုများလည်း ဖြစ်ပွားလေ့ရှိသည်။ ဘတ်စ်ကားယာဉ်မောင်းကို အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြင်း၊ ခရီးသည် အမျိုးသမီးကို ကာယိန္ဒြေဖျက်ဆီးခြင်း၊ ဘတ်စ်ကားကို အကြောင်းမဲ့ဖျက်ဆီးကာ အကြမ်းဖက်ခြင်းစသည်တို့မှာ အိန္ဒိယမြို့ပြများ၏ ဆင်ခြေဖုံးအရပ်များ၌ ဖြစ်ပွားလေ့ရှိသည်။

ထိုကဲ့သို့သော ရာဇဝတ်ဆိုင်ရာ ပြစ်မှုမြောက်သည့် လုပ်ရပ်မျိုးများကို အချိန်မီတားဆီး၍ ကူညီကယ်ဆယ်နိုင်ရန် တယ်လီမက်တစ်စနစ်က အထောက်အကူပြုပေးလျက် ရှိသည်။ အချိန်မီ မတားဆီးလိုက်နိုင်သော ဖြစ်ရပ်များအတွက် ကျူးလွန်သူတရားခံများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူရာ၌လည်း တယ်လီမက်တစ် ထိန်းချုပ်ရေးစင်တာများရှိ မှတ်တမ်းဓာတ်ပုံ သက်သေခံများ၏ အကူအညီကို ရယူဆောင်ရွက်ကြရသည်။

အောင်မြင်ဖြစ်ထွန်း

တယ်လီမက်တစ်စနစ်၏ အကျိုးကျေးဇူးများကြောင့် စည်းကမ်းနှင့်ဥပဒေ တင်းကျပ်လှသော စင်ကာပူ မြို့ပြ နိုင်ငံတစ်ဝန်း ခရီးသည်နှင့်ခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် စိတ်အေးချမ်းသာစွာ သွားလာလည်ပတ်နိုင်ကြသည်။ ဩစတြေးလျနိုင်ငံ၌လည်း အလားတူပင်ဖြစ်သည်။ တရုတ်(တိုင်ပေ)ကျွန်း၏ မြို့ပြဖွံ့ဖြိုးမှုနှင့် စီးပွားတိုးတက်မှုများအတွက်လည်း တယ်လီမက်တစ်စနစ်က တစ်စိတ်တစ်ပိုင်း ပါဝင်ထောက်ကူ ပေးခဲ့သည်။ အချုပ်အားဖြင့်ဆိုရသော် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် အောင်မြင်စွာ ဖြစ်ထွန်းပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် တယ်လီမက်တစ်စနစ်က ယှဉ်တွဲလိုက်ပါ ထောက်ကူပေး နေရလိမ့်မည် ဖြစ်ပေတော့သည်။ ။

သိပ္ပံစာရေးဆရာကိုကိုအောင်