တယ်လီနောမြန်မာ ပိုင်ဆိုင်မှုပြောင်းလဲ၊ လုပ်ငန်းများအပြောင်းအလဲမရှိ ဆက်လက်လည်ပတ်မည်

ရန်ကုန်   မတ်   ၃၀

မတ် ၂၅ ရက်မှစ၍ တယ်လီနောမြန်မာ၏ ပိုင်ဆိုင်မှုအားလုံးကို ပိုင်ရှင်အသစ်ထံသို့ အပြီးသတ် လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ပြီး တယ်လီနောမြန်မာသည် နော်ဝေအခြေစိုက် တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်မရှိတော့ကြောင်း တယ်လီနောမြန်မာက မတ် ၂၅ ရက်က ထုတ်ပြန် ကြေညာသည်။

ဈေးကွက်တွင် ကုန်အမှတ်တံဆိပ်အသစ် မိတ်မဆက်ရသေးမီအချိန်အထိ တယ်လီနော ကုန်အမှတ် တံဆိပ်သည် တယ်လီနောမြန်မာလီမိတက်လိုင်စင်အောက်တွင် လအနည်းငယ်အကြာ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချမှုနှင့်ပတ်သက်သည့် ခွင့်ပြုချက်ကို မြန်မာနိုင်ငံအစိုးရက မတ် ၁၈ ရက်က ချမှတ်ခဲ့ပြီး ယခုအရောင်းအဝယ်သည် ကုမ္ပဏီ၏ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ပိုင်ရှင်အသစ် ထံသို့ လွှဲပြောင်းရောင်းချခြင်းဖြစ်ကြောင်း၊ အဆိုပါ ပိုင်ဆိုင်မှုအပြောင်းအလဲတွင် တယ်လီနောမြန်မာကို အသုံးပြုနေသူများ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုမရှိကြောင်း၊ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများနှင့် စာချုပ်စာတမ်းများကို မူလက သဘောတူထားသည့် အတိုင်း ဆက်လက်၍ လုပ်ဆောင်သွားမည်ဖြစ်သဖြင့် ယေဘုယျအားဖြင့် ပြင်ဆင်မှုများ၊ ထပ်မံ ဖြည့်စွက်မှုများ ပြုလုပ်ရန်မလိုအပ်ကြောင်းကိုလည်း မတ် ၁၈ ရက်က ထုတ်ပြန်သည့် တယ်လီနော မြန်မာကို ရောင်းချခြင်းဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ကိုစိုး