ရန်ကုန်၊ ၁၀ ဇန်နဝါရီ

နိုင်ငံတော်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရန် ဖော်ဆောင်ခဲ့ရာ ကျေးလက်များ လျှပ်စစ်မီးရရှိခဲ့ပြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ တဘူးလှဆည် လမ်းတစ်လျှောက်ရှိ ကျေးရွာများ လျှပ်စစ်မီးလင်းရန် ဖော်ဆောင်ခဲ့ရာ မတ်လကုန်ပိုင်းတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

 

ပြည်-ဥက္ကံ လမ်းမှ သကြားစက်သို့ ကတ္တရာလမ်းအဖြစ် ၅ မိုင် ၂ ဖာလုံ ခင်းထားပြီး ထိုနေရာမှ တဘူးလှဆည်ထိ ၁၀ မိုင် ၃ ဖာလုံ၌ ၇ မိုင်အား ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းပြီးဖြစ်ရာ ကျေးရွာမှပြည်သူများ ရွှံ့လမ်း၊ ဖုန်းလမ်းမှ ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်းအဖြစ် နိုင်ငံတော်မှ ခင်းကျင်းခဲ့ပြီး ကျန်သော ၃ မိုင် ၃ ဖာလုံကို ဆက်လက်ခင်းရန် ဆောင်ရွက်လျက်ရှိသည်၊၊ ထိုလမ်းပိုင်း တစ်လျှောက်ရှိ ကျေးရွာများတွင် ၇ မိုင်စမ်းရွာထိ လျှပ်စစ်မီးရရှိလျက်ရှိရာ ၉ မိုင်ချောင်းစောက်ရွာမှ တဘူးလှဆည်တမံ ၁ ကျေးရွာထိ လျှပ်စစ်မီးရရှိရန် မီးတိုင်များ စိုက်ထူခြင်းနှင့် လျှပ်စစ်ကြိုး သွယ်တန်းခြင်းကို ဇန်လနဝါရီလဆန်းပိုင်းထိ ဆောင်ရွက်လျက်ရှိသည်။

 

“အရှေ့ဘက် တဘူးလှဆည် လမ်းပိုင်းဆိုရင် စမ်းရွာထိ လျှပ်စစ်မီးရပါပြီ။ အဲ့ဒီရှေ့ချောင်းစောက် အုပ်စုကနေ ဆည်အခြေမှာရှိတဲ့ တမံ ၁ ရွာထိ လျှပ်စစ်မီးသွယ်တန်းဖို့ ဘတ်ဂျက်လည်းချထားတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျေးရွာများ ၂၀၂၀ ပြည့်နှစ်မှာ မီးလင်းဖို့ လမ်းညွှန်ထားတာလည်း ရှိတယ်။ လုပ်ငန်းမပြီးပြတ်ပေမယ့် ဆက်ပြီးတိုင်စိုက်၊ မီးကြိုးသွယ်တန်းတာတွေလုပ် နေတာတွေ့တယ်။ ကျွန်းတော်ကုန်း ဓာတ်အားခွဲရုံကနေ အရပ်လေးမျက်နှာကို ဓာတ်အားပို့လွှတ်နေတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကျန်ခဲ့တဲ့ လျှပ်စစ်မီးလင်းရေးကို မတ်လကုန်မှာ တိုက်ကြီးမြို့နယ်က ကျေးရွာတွေလျှပ်စစ်မီး လင်းမယ်လို့ မျှော်မှန်းထားပါတယ်” ဟု တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောကြားသည်။

 

ဥက္ကံမြို့ရှိ ကျွန်းတောကုန်းဓာတ်အားခွဲရုံကို ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့ပြီး ထိုဓာတ်အားခွဲရုံမှ တဘူးလှဆည် လမ်းရှိကျေးရွာများသို့ ဓာတ်အားပို့လွှတ်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် စမ်းရွာထိ လျှပ်စစ်မီး ရရှိလျက်ရှိသည်။ ကျွန်းတောကုန်းဓာတ်အားခွဲရုံမှ ရန်ကုန်တိုင်းဒေသကြီး နယ်နမိတ်အဆုံးဖြစ်သော မြောက်ဘက် ပန်းပင်တန်းကျေးရွာအုပ်စု ကျေးရွာများ လျှပ်စစ်မီးရရှိရန် ၉၉ ရာခိုင်နှုန်းပြီးစီးလျက်ရှိပြီး တောင်ဘက်တွင် ရိုးမတောင်ခြေအနီးရှိ ကင်းမဒီးကျေးရွာထိ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်လျက်ရှိရာ ဥက္ကံမြို့ရှိ ကျေးရွာများအားလုံး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း၌ လျှပ်စစ်မီးရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။

 

ဥက္ကံ-တဘူးလှ ဆည်လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖော်ဆောင်ခဲ့ရာ တင်ဒါအောင်သောကုမ္ပဏီများ လုပ်ငန်းကြန့်ကြာမှု အခက်အခဲများရှိသော်လည်း ကျေးရွာများ မြန်ဆန်စွာ မီးလင်းနိုင်ရန် နှစ်ဆန်းပိုင်းတွင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကျေးရွာများ စုပေါင်းငွေဖြင့် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတော်မှဖော်ဆောင်မှုဖြင့် မတ်လကုန်ပိုင်း၌ ဥက္ကံ-တဘူးလှ ဆည်လမ်းပိုင်းရှိ ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး