ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ် ဒုတိယအကြိမ်ပုံနှိပ်ထုတ်ဝေ

 

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ဥပဒေစာအုပ်စာတမ်းများပြုစု ထုတ်ဝေဖြန့်ဖြူးခြင်း၊ သုတေသနစာတမ်းများပြုစုခြင်း၊ စာတမ်းဖတ်ပွဲများကျင်းပခြင်း၊ မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System Website) တွင် ဥပဒေများ လွှင့်တင်ပေးခြင်း၊ ဥပဒေပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်း စသည့် ဥပဒေအသိပညာဖြန့်ဖြူး ရေးလုပ်ငန်းများကို ပုံစံအမျိုးမျိုးဖြင့်ဆောင်ရွက်လျက်ရှိသည်။

 

ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ပို့ချခဲ့သော ဥပဒေမူကြမ်းရေးဆွဲရေး သင်တန်းမှာ အောင်မြင်သော သင်တန်းတစ်ခုဖြစ်ပြီး သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနက ပြုစုထုတ်ဝေသည့် ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ်ကို လက်ကိုင်စာအုပ်အဖြစ် အသုံးပြုပို့ချပေးခဲ့သည်။

 

 အဆိုပါဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ်ကို ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေ ပညာသင်ယူနေသည့် ကျောင်းသား/ကျောင်းသူများနှင့် ဥပဒေရေးဆွဲရေးပညာကိုစိတ်ဝင်စားသူများ ဖတ်ရှုလေ့လာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)