ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (ဘီလာရုစ်နိုင်ငံ)

သတင်းဆောင်းပါး - ဝါဝါ

နိဒါန်း

ဘီလာရုစ်နိုင်ငံသည် အရှေ့ဥရောပတွင်ရှိသော ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အရှေ့ဘက် နှင့်အရှေ့မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ တောင်ဘက် တွင် ယူကရိန်းနိုင်ငံ၊ အနောက်ဘက်တွင် ပိုလန်နိုင်ငံ၊ အနောက်မြောက်ဘက်တွင်   လစ်သူယေးနီးယား နိုင်ငံ၊    လတ်ဗီးယားနိုင်ငံတို့နှင့်    နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး နယ်နိမိတ်အရှည်မှာ စုစုပေါင်း ၃၀၉၈ ကီလိုမီတာ (၁၉၂၅ မိုင်) ဖြစ်သည်။ နိုင်ငံ၏ အကျယ်အဝန်းမှာ ဧရိယာ ၂၀၇၆၀၀ စတုရန်းကီလို မီတာ (၈၀၂၀၀ စတုရန်းမိုင်) ဖြစ်သည်။ လူဦးရေ ၉ ဒသမ ၄၁ သန်းရှိသည်။ ဘီလာရုစ်နိုင်ငံ၏ ရုံးသုံး ဘာသာစကားများမှာ ဘီလာရုစ်ဘာသာစကားနှင့် ရုရှားဘာသာစကားတို့ဖြစ်သည်။ ဘီလာရုစ်နိုင်ငံ တွင် စုစုပေါင်းလူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်း သည် ဘီလာရုစ်လူမျိုးများဖြစ်ကြပြီး ကျန်လူမျိုးများ မှာ  ရုရှား၊  ပိုလန်နှင့်  ယူကရိန်းလူမျိုးများ ဖြစ်ကြ သည်။ နိုင်ငံကို   ဒေသခုနစ်ခု   ပိုင်းခြား၍အုပ်ချုပ်သည်။ ဘီလာရုစ်နိုင်ငံ၏ မြို့တော်မှာ မင့် (Minsk) မြို့ဖြစ် သည်။

နိုင်ငံသမိုင်းအကျဉ်း

ဘီလာရုစ်နိုင်ငံသည် ၂၀ ရာစုနှစ်အထိ Princi-pality of Polotsk ၊ Grand Duchy of Lithuania၊ ရုရှားအင်ပါယာနှင့် Polish–Lithuanian Common-wealth  စသည့်  အခြားသောတိုင်းပြည်များ၏ နယ်မြေဖြစ်ခဲ့သည်။      ရုရှားတော်လှန်ရေးပြီး နောက်ပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စုဝင် သမ္မတ နိုင်ငံတစ်ခု ဖြစ်လာသည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ တွင် လွတ်လပ်ရေးကို ကြေညာခဲ့သည်။ 

ဥပဒေပြုရေး

ဥပဒေပြုအာဏာကို   အမျိုးသားလွှတ်တော် (National Assembly)က ကျင့်သုံးသည်။ အမျိုးသား လွှတ်တော်တွင် လွှတ်တော်နှစ်ရပ်  ပါဝင်သည်။ ၎င်းတို့မှာ အောက်လွှတ်တော်   (The House of Representatives )နှင့် အထက်လွှတ်တော် (The Council of the Republic) ဖြစ်သည်။ လွှတ်တော် သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ အောက်လွှတ်တော် သည်  ဥပဒေကြမ်းများကို   သုံးသပ်ခြင်း၊  သမ္မတ ရွေးကောက်ပွဲများ ခေါ်ယူခြင်း၊ နိုင်ငံတော်သမ္မတ၏ ထောက်ခံချက်ဖြင့်   ဝန်ကြီးချုပ်ခန့်အပ်ခြင်းအား အတည်ပြုခြင်း၊ အစိုးရ၏လုပ်ဆောင်ချက်များအား အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်သည်။ အမျိုးသား လွှတ်တော်သည် နှစ်စဉ်ပုံမှန်အစည်းအဝေး နှစ်ကြိမ် ကျင်းပသည်။ ပုံမှန်မဟုတ်သည့် အစည်းအဝေးများ ကို သမ္မတအမိန့်ဖြင့် ခေါ်ဆိုနိုင်သည်။ 
အထက်လွှတ်တော်သည် အောက်လွှတ်တော်က တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား သော ဥပဒေကြမ်းများကိုပြင်ဆင်ခြင်း သို့မဟုတ် မွမ်းမံခြင်း၊ ပြင်ဆင်မွမ်းမံပြီးသော ဥပဒေကြမ်းများ ကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ကို ဆောင်ရွက်သည်။

အုပ်ချုပ်ရေး

အုပ်ချုပ်ရေးအာဏာကို ဗဟိုအစိုးရဝန်ကြီးများ ကောင်စီက   ကိုင်တွယ်ကျင့်သုံးသည်။    အောက် လွှတ်တော်၏  သဘောတူညီချက်ဖြင့် ဘီလာရုစ် သမ္မတက ခန့်အပ်ထားသော   ဝန်ကြီးချုပ်များက ဦးဆောင်သည်။ 

တရားစီရင်ရေး

တရားစီရင်ရေးကဏ္ဍတွင်  ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးနှင့် အထွေထွေတရားစီရင် ရေးဆိုင်ရာ တရားရုံးများဟူ၍ နှစ်မျိုးပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို  အဆင့် မြင့် ဥပဒေရေးရာကျွမ်းကျင်သူ ၁၂ ဦးဖြင့် ဖွဲ့စည်း ထားသည်။ တရားသူကြီး ခြောက်ဦးကို ဘီလာရုစ် သမ္မတက ခန့်အပ်ထားပြီး ကျန်ခြောက်ဦးကို အထက် လွှတ်တော်က ရွေးကောက်တင်မြှောက်ထားသည်။ တရားရုံးဥက္ကဋ္ဌအား အထက်လွှတ်တော်၏ သဘော တူညီချက်ဖြင့် ဘီလာရုစ်သမ္မတက တိုက်ရိုက်ခန့် အပ်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး   တရား သူကြီးတစ်ဦး၏ ရာထူးသက်တမ်းမှာ ၁၁ နှစ်ဖြစ် သည်။ အထွေထွေတရားစီရင်ရေးဆိုင်ရာတရားရုံးချုပ်သည်   အထွေထွေတရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးများ၏စနစ်ကို ဦးဆောင်ပြီး အရပ်ဘက်၊ ရာဇဝတ်မှု၊  အုပ်ချုပ်ရေးနှင့်   စီးပွားရေးဆိုင်ရာ အမှုအခင်းများအတွက် အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည်။ ဘီလာရုစ်တွင် အထူးတရား ရုံးများ ဖွဲ့စည်းခြင်းကို တားမြစ်ထားသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်

ဘီလာရုစ်သမ္မတနိုင်ငံ       ဗဟိုရွေးကောက်ပွဲ ကော်မရှင် (Central Election Commission-CEC) ကို Supreme Soviet of the Byelorussian SSR က ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ သည်။    ဖွဲ့စည်းပုံအခြေခံဥပဒေအရ   ကော်မရှင်ကို နိုင်ငံတော်သမ္မတနှင့်    အထက်လွှတ်တော်တို့က ဖွဲ့စည်းသည်။      ဗဟိုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးအပါအဝင်      စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦး  ဖွဲ့စည်းထားပြီး  အဖွဲ့ဝင်ခြောက်ဦးကို နိုင်ငံတော်သမ္မတက   ခန့်အပ်၍    ကျန်အဖွဲ့ဝင် ခြောက်ဦးကို  အထက်လွှတ်တော်က    ရွေးချယ် တင်မြှောက်သည်။ အထက်လွှတ်တော်၏ သဘော တူညီချက်ဖြင့် ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကို     ကော်မရှင်အဖွဲ့ဝင်များထဲမှ    နိုင်ငံတော် အကြီးအကဲက ခန့်အပ်သည်။ ပထမအကြိမ် အစည်း အဝေးတွင်  ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ကော်မရှင်အဖွဲ့ဝင်များထဲမှ     ရွေးချယ်တင်မြှောက် သည်။  သာမန်အားဖြင့်     ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲကျင်းပရေးနှင့် ဆန္ဒခံယူပွဲ ကျင်းပရေးတို့တွင် အတွေ့အကြုံများရှိသည့် တရား စီရင်ရေးဆိုင်ရာ   ပညာအရည်အချင်းမြင့်မားသော နိုင်ငံသားများဖြင့်    ဖွဲ့စည်းထားပါသည်။   ဗဟို ရွေးကောက်ပွဲကော်မရှင်၏သက်တမ်းမှာ ငါးနှစ်ဖြစ် သည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင် ချက်များကို ရွေးကောက်ပွဲဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် ကော်မရှင်၏လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ ဖြင့် ထိန်းချုပ်ထားသည်။
ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်   (Territorial Election Commission-TEC)၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် (District Election Commission-DEC)၊ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် (Precinct Election Commission - PEC) တို့ကို   ဖွဲ့စည်း ဆောင်ရွက်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ    ရွေးကောက်ပွဲ ကော်မရှင်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်များကို ရွေးကောက်ပွဲမတိုင်မီ ၇၅ ရက်မှ ၈၅ ရက်အတွင်း ဒေသဆိုင်ရာအလုပ်အမှုဆောင်များနှင့် ကိုယ်စား လှယ်အဖွဲ့များဖြင့် ဖွဲ့စည်းသည်။ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်များကို ရွေးကောက်ပွဲ မတိုင်မီ ၄၅ ရက်အတွင်းဖွဲ့စည်းသည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များကို နိုင်ငံရေးပါတီများနှင့် အခြား အများပြည်သူအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ အပြင် နိုင်ငံသားများကပါ အမည်စာရင်းတင်သွင်း နိုင်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်များကို ကိုးဦးမှ ၁၃ ဦးအထိ ဖွဲ့စည်းနိုင်ပြီး ရပ်ကွက် / ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်များကို ငါးဦးမှ ၁၉ ဦး အထိ ဖွဲ့စည်းနိုင်ပါသည်။ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် အနည်းဆုံးသုံးပုံတစ်ပုံသည် နိုင်ငံ ရေးပါတီများနှင့် ပြည်သူ့အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းရသည်။ အစိုးရဝန်ထမ်းဦးရေ သည် ကော်မရှင်အဖွဲ့ဝင်များ၏ သုံးပုံတစ်ပုံထက် မပိုစေရပါ။ ကော်မရှင်တွင် တရားသူကြီးများ၊ အစိုးရ ရှေ့နေများ၊       ဒေသဆိုင်ရာအမှုဆောင်များနှင့်  အုပ်ချုပ်ရေးအဖွဲ့များ၏ အကြီးအကဲများ မပါဝင်ပါ။

ရွေးကောက်ပွဲဆိုင်ရာကျင့်ထုံးဥပဒေ

ဘီလာရုစ်သမ္မတနိုင်ငံ၌   ရွေးကောက်ပွဲများ ပြင်ဆင်ခြင်းနှင့် ကျင်းပခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် နိုင်ငံ၏ရွေးကောက်ပွဲဆိုင်ရာ  ကျင့်ထုံး ဥပဒေတို့ဖြင့် ထိန်းကျောင်းသည်။ ဘီလာရုစ်သမ္မတ နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာကျင့်ထုံးဥပဒေအား ၂၀၀၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သည်။ ထိုအချိန်မှ စ၍ အဆိုပါဥပဒေအား ၂၀၀၃ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပြန်လည်ပြင်ဆင်ခဲ့ပါသည်။

ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲစနစ်များ

ဘီလာရုစ်နိုင်ငံတွင်   သမ္မတရွေးကောက်ပွဲ၊ လွှတ်တော်ရွေးကောက်ပွဲ၊ ဒေသန္တရရွေးကောက်ပွဲ နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတို့ကို ကျင်းပသည်။ ဘီလာရုစ်နိုင်ငံသည် သမ္မတကို ငါးနှစ်သက်တမ်း အတွက် နှစ်ကျော့ပြန်စနစ်(Two Round System) ဖြင့် ပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြှောက် သည်။ ပထမအကျော့တွင် မည်သည့်ကိုယ်စားလှယ် လောင်းမှ စုစုပေါင်းဆန္ဒမဲအရေအတွက် ၅၀ ရာခိုင် နှုန်းအထက် မရရှိပါက ဆန္ဒမဲအရေအတွက် အများ ဆုံးရရှိသောကိုယ်စားလှယ်လောင်းနှစ်ဦးက ဒုတိယ အကျော့ကို နှစ်ပတ်အတွင်း ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဒုတိယအကျော့တွင် ဆန္ဒမဲ ၅၀ ရာခိုင် နှုန်းကျော်ရရှိသော    ကိုယ်စားလှယ်လောင်းသည် ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲအထမြောက်ရန်အတွက်  မဲပေးသူ ၅၀   ရာခိုင်နှုန်းကျော်လိုအပ်သည်။ သမ္မတအဖြစ်           ရွေးကောက်တင်မြှောက်ခံမည့်    ကိုယ်စားလှယ် လောင်းသည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အနည်းဆုံး အသက် (၃၅) နှစ်အထက်ရှိသူ၊ ဘီလာရုစ် သမ္မတနိုင်ငံမှ မွေးဖွားလာသူဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီ အနည်းဆုံး နှစ် ၂၀ ဘီလာရုစ်တွင် အခြေချ နေထိုင်သူဖြစ်ရမည်။   

သမ္မတအဖြစ်   ရွေးကောက်ပွဲတွင်  ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးသည် သမ္မတရာထူးအတွက်       ဝင်ရောက်ယှဉ်ပြိုင်ရန်   မဲဆန္ဒရှင်များ၏  ထောက်ခံလက်မှတ်အနည်းဆုံး ၁၀၀၀၀၀ စုဆောင်းရမည်။ ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတရွေးကောက်ပွဲများကို       ငါးလထက် နောက်မကျစေဘဲ အောက်လွှတ်တော်က ကြေညာ ပြီး လက်ရှိသမ္မတရာထူးမှ ရပ်စဲခြင်းမပြုမီ  နှစ်လ ထက် နောက်မကျစေဘဲ တနင်္ဂနွေနေ့တွင် ကျင်းပရ မည်ဖြစ်သည်။    သမ္မတရာထူး    လစ်လပ်ပါက ရက်ပေါင်း ၃၀ ထက်မစောဘဲ လစ်လပ်သည့်နေ့မှစ၍ ရက်ပေါင်း ၇၀ ထက်နောက်မကျစေဘဲ ရွေးကောက် ပွဲများ ကျင်းပမည်ဖြစ်သည်။ သမ္မတရွေးကောက်ပွဲ များကို ၂၀၀၁ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့သည်။ နောက်ဆုံးကျင်းပ ခဲ့သော   သမ္မတရွေးကောက်ပွဲကို   ၂၀၂၀   ပြည့်နှစ် သြဂုတ်  ၉  ရက်တွင်   ကျင်းပခဲ့ပါသည်။   သမ္မတ ရွေးကောက်ခံပိုင်ခွင့်ကို  သက်တမ်းဖြင့်  ကန့်သတ် ထားခြင်းမရှိပါ။   လက်ရှိသမ္မတ    အလက်ဇန်းဒါး လူကာရှန်ကို (Aleksandr  Lukashenko)  သည်   ခြောက်ကြိမ်မြောက်အထိ ဆက်တိုက်ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

လွှတ်တော်ရွေးကောက်ပွဲ

လွှတ်တော်သစ်အတွက် ရွေးကောက်ပွဲများကို လက်ရှိဆောင်ရွက်နေသည့် လွှတ်တော်အာဏာ မရပ်စဲမီ ရက်ပေါင်း ၃၀ ထက်နောက်မကျဘဲ ကျင်းပ ရသည်။ လေးလထက်နောက်မကျစေဘဲ သမ္မတက သတ်မှတ်ပေးသည်။    အောက်လွှတ်တော်တွင် ကိုယ်စားလှယ်  ၁၁၀  ပါဝင်ပြီး   ပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။ အောက် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက် ခံမည့်  ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အနည်းဆုံး အသက် (၂၁) နှစ် ပြည့်ပြီးသူ၊ ဘီလာရုစ်နိုင်ငံတွင် အခြေချနေထိုင်သူ၊ ပြစ်မှုကင်းရှင်းသူ၊ ဘီလာရုစ်နိုင်ငံသားတစ်ဦး ဖြစ်ရ မည်။ အောက်လွှတ်တော်အမတ်များသည် တစ်ချိန် တည်းမှာပင် အစိုးရအဖွဲ့ဝင်လည်း ဖြစ်နိုင်သည်။ 

အထက်လွှတ်တော်   (The Council of the Republic)ကို ကိုယ်စားလှယ် ၆၄ ဦးဖြင့် ဖွဲ့စည်းထား ပြီး ကိုယ်စားလှယ်  ရှစ်ဦးကို  သမ္မတက တိုက်ရိုက် ခန့်အပ်၍ ကျန်အမတ် ၅၆ ဦးအား ဒေသခြောက်ခုစီ နှင့် မင့်မြို့တို့မှ ဒေသန္တရကောင်စီများက လျှို့ဝှက် ဆန္ဒမဲပေးခြင်းစနစ်ဖြင့်  ရွေးကောက်တင်မြှောက် သည်။ အထက်လွှတ်တော်အတွက်  ရွေးကောက် တင်မြှောက်ခံရမည့် ကိုယ်စားလှယ်လောင်းတစ်ဦး သည် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိရမည်ဖြစ် သည်။ ပထမအကျော့တွင် လိုအပ်သောကိုယ်စား လှယ်လောင်းအရေအတွက်မရရှိပါက ဒုတိယအကျော့ ကို  ပြန်လည်ကျင်းပမည်ဖြစ်သည်။  
 အထက် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက် ခံမည့် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင်  အနည်းဆုံးအသက် (၃၀) နှစ် ပြည့်ပြီးသူ၊ ဘီလာရုစ်နိုင်ငံ၏ သက်ဆိုင်ရာဒေသတွင် အနည်းဆုံး ငါးနှစ် အခြေချနေထိုင်သူ၊ ပြစ်မှုကင်းရှင်း သူ ဘီလာရုစ်နိုင်ငံသားတစ်ဦးဖြစ်ရမည်။ လွှတ်တော် ရွေးကောက်ပွဲများကို ၁၉၉၅ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့ တွင် ကျင်းပခဲ့သည်။

မဲဆန္ဒနယ်သတ်မှတ်ခြင်း

လွှတ်တော်ရွေးကောက်ပွဲများ    ကျင်းပရန် အတွက် (Electoral Districts) ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒနယ်ပေါင်း ၁၁၀ ကို ဖွဲ့စည်းသည်။ အောက် လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် တစ်ခု လျှင်  ပျမ်းမျှမဲဆန္ဒရှင်ဦးရေကို  လက်ရှိအောက် လွှတ်တော်သက်တမ်းမကုန်ဆုံးမီ ငါးလထက် နောက် မကျစေဘဲ ဗဟိုကော်မရှင် (CEC) က ဖွဲ့စည်းသည်။ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို ဒေသဆိုင်ရာ    ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၏ အဆိုပြုချက်အရ ဗဟိုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းသည်။ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများစာရင်းကို ဗဟိုရွေးကောက်ပွဲ ကော်မရှင်က    ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာပြီး ပဉ္စမမြောက်နေ့ထက် နောက်မကျစေ ဘဲ ထုတ်ပြန်ရသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ဆန္ဒမဲပေးပိုင်ခွင့်မရှိသူ
အသက် (၁၈) နှစ်ပြည့်ပြီးသော   ဘီလာရုစ် နိုင်ငံသားမည်သူမဆို   ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ဥပဒေအရ တရားရုံးမှ စိတ်ပေါ့သွပ်နေသူအဖြစ် သတ်မှတ်ခြင်းခံရသူနှင့် ထောင်ဒဏ်ကျခံနေရသူ တို့သည် ဆန္ဒမဲပေးပိုင်ခွင့်မရှိပါ။

မဲရုံများဖွဲ့စည်းခြင်း

မဲရုံတစ်ရုံကို  မဲဆန္ဒရှင် ၂၀ မှ  ၃၀၀၀  သတ်မှတ် ထားသည်။   မဲရုံများကို   ဆေးရုံများ၊ စောင့်ရှောက် ရေးဂေဟာများ၊ ဆေးပေးခန်းများနှင့် အခြားသောကျန်းမာရေးစောင့်ရှောက်ရေး   စင်တာများတွင် ဖွင့်လှစ်ထားရှိပြီး      တပ်တွင်းမဲရုံများလည်း ဖွင့်လှစ်ထားသည်။ ခရိုင်နှင့် မြို့(ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လက်အောက်ခံမြို့များ)များတွင် မဲရုံများ ဖွဲ့စည်းခြင်းကို ခရိုင်နှင့် မြို့နယ်အလုပ်အမှုဆောင် ကော်မတီများက ဆောင်ရွက်ပြီး ခရိုင်လက်အောက်ခံ မြို့များတွင် မဲရုံများဖွဲ့စည်းခြင်းကို  ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက     ဆောင်ရွက်ပါသည်။ စစ်ဘက်ဆိုင်ရာယူနစ်များတွင်     မဲရုံများကို တပ်မတော်တပ်ဖွဲ့မှူးများ၏  အဆိုပြုချက်အတိုင်း တူညီသောအစီအစဉ်ဖြင့် ဖွဲ့စည်းသည်။ ဘီလာရုစ် သမ္မတနိုင်ငံပြင်ပ  နိုင်ငံရပ်ခြားတွင်နေထိုင်သည့် ဘီလာရုစ်သမ္မတနိုင်ငံ နိုင်ငံသားများအတွက် မဲရုံ များကို သက်ဆိုင်ရာနိုင်ငံများရှိ ဘီလာရုစ်သမ္မတ နိုင်ငံ ကောင်စစ်ဝန်ရုံး အကြီးအကဲများဖြင့်ဖွဲ့စည်း ထားသည်။ မဲပေးမည့်နေရာများကို ရွေးကောက်ပွဲ မတိုင်မီ နှစ်လထက်နောက်မကျဘဲ ဖွဲ့စည်းရသည်။ မဲရုံတစ်ရုံးချင်းစီ၏ တည်နေရာများနှင့်ပတ်သက်၍ မဲဆန္ဒရှင်များအား ရွေးကောက်ပွဲမကျင်းပမီ ၁၀ ရက် ထက်နောက်မကျဘဲ     အသိပေးအကြောင်းကြား သည်။

မဲစာရင်းပြုစုခြင်း

ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိသည့် နိုင်ငံသား များစာရင်းကို    ဒေသဆိုင်ရာအာဏာပိုင်များက တင်ပြသော  အရည်အချင်းပြည့်မီသည့်  နေထိုင်သူ များ၏    အချက်အလက်များအပေါ်   အခြေခံ၍   ရပ်ကွက်/  ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် (Precinct Election Commission-PEC) မှ မဲရုံ အလိုက်ပြုစုသည်။ စစ်မှုထမ်းများ၊ တပ်မတော်သား များနှင့်  ၎င်းတို့တည်ရှိရာဒေသများတွင်   နေထိုင် သော   အခြားမဲဆန္ဒရှင်များနှင့် ၎င်းတို့နှင့်အတူနေ မိသားစုဝင်များစာရင်းကို  စစ်ဘက်ဆိုင်ရာတပ်မှူး များက   ပေးအပ်သောအချက်အလက်များအပေါ် အခြေခံ၍ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ပြုစုသည်။ နိုင်ငံပြင်ပတွင် ရောက်ရှိနေ သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို   သက်ဆိုင် ရာနိုင်ငံများရှိ     ကောင်စစ်ဝန်ရုံးများမှပေးပို့သည့် အချက်အလက်များအပေါ်    အခြေခံ၍ပြုစုသည်။ မိမိတို့နေထိုင်သည့်ဒေသရှိမဲစာရင်းတွင်   မှတ်ပုံတင် ထားသောနိုင်ငံသားများသည်    အဆိုပါဒေသရှိ မဲရုံတွင်သာ အမည်စာရင်းပါဝင်သည်။  ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့်  နိုင်ငံသားတစ်ဦးသည်   မဲရုံတစ်ခု တည်း၏စာရင်းတွင်သာ ပါဝင်နိုင်သည်။   သက်သေ ခံကတ်ပြား  သို့မဟုတ် သက်ဆိုင်ရာဒေသတွင် နေထိုင်ကြောင်း အထောက်အထားများ  တင်ပြနိုင် သည့် အရည်အချင်းပြည့်မီသော    မဲဆန္ဒရှင်များအား  ဗဟိုရွေးကောက်ပွဲကော်မရှင် (Central Election Commission-CEC)နှင့် တရားရုံးတို့က အတည်ပြု ချက်မရှိဘဲ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်က ရပ်ကွက်/  ကျေးရွာအုပ်စု  မဲဆန္ဒရှင် စာရင်းတွင် ထည့်သွင်းပေးနိုင်သည်။        မဲဆန္ဒရှင်များ သည် မဲစာရင်းတွင် ပါဝင်ခြင်းရှိ/မရှိနှင့် မိမိတို့၏ အချက်အလက်မှန်ကန်မှု   ရှိ/ မရှိတို့ကို စစ်ဆေး ဆောင်ရွက်နိုင်သည်။ မဲဆန္ဒရှင်များသည် မဲစာရင်း တွင်    ပါရှိသည့်အချက်အလက်များကို   အတည် ပြုရန်     သို့မဟုတ်    ပြင်ဆင်မှုများပြုလုပ်ရန် အတွက်  ရွေးကောက်ပွဲမတိုင်မီ ၁၅ ရက်အလိုတွင် ဆောင်ရွက်နိုင်သည်။  

 (ဆက်လက်ဖော်ပြပါမည်)