“ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့၏ စာတမ်းဖတ်ပွဲကျင်းပ”

နေပြည်တော် ဩဂုတ်  ၂၃

 

ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့၏ စတုတ္ထအကြိမ်စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ယခုကဲ့သို့စာတမ်းဖတ်ပွဲများ ကျင်းပခြင်းဖြင့် ဥပဒေရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများနှင့် ဥပဒေရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေကြသော အရာထမ်းများ ဥပဒေ အသိပညာများတိုးတက်စေခြင်း၊ စာတမ်းဖတ်ပွဲ အ‌တွေ့အကြုံများရရှိစေခြင်းနှင့် ဥပ‌ဒေဗဟုသုတများကို အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ခြင်း၊ ဥပဒေသုတေသနလုပ်ငန်းများ တိုးတက်ကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ယခုစာတမ်းဖတ်ပွဲမှတစ်ဆင့် ဥပဒေအသိပညာများကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြခြင်းဖြင့် အတွေ့အကြုံနှင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ် ကြောင်း၊ သုတေသနလုပ်ငန်းများကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း၊ ရရှိလာသည့် အသိပညာဗဟုသုတများဖြင့် ဌာနအကျိုး ပိုမို ထမ်းရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဥပဒေ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် မဟာဗျူဟာစီမံကိန်းပါ ဥပဒေသုတေသနလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဥပဒေသုတေသနဌာနခွဲ ဖွဲ့စည်း၍ ဥပဒေ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ ဥပဒေ သုတေသနအဖွဲ့များက ၂၀၂၂ ခုနှစ်အတွင်း စာတမ်း ၁၂ စောင်ကို ရေးသားပြုစုနိုင်ခဲ့ကြောင်း၊ ရေးသားပြုစုခဲ့သည့် စာတမ်းများကို လုပ်ငန်းအဖွဲ့ ၆ ဖွဲ့မှ လစဉ်အလှည့်ကျဖတ်ကြားခဲ့ရာ ယခုစာတမ်း ဖတ်ပွဲသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း၊ နောက်နောင်တွင်လည်း အရည်အသွေးပြည့်မီသော စာတမ်းများ ရရှိနိုင်ရေးအတွက် ယခုထက်ပို၍ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယနေ့စာတမ်းဖတ်ပွဲတွင် ဥပဒေသုတေသနလုပ်ငန်းအဖွဲ့ ၆ က “အီလက်ထရောနစ်နည်းဖြင့် ဆောင်ရွက်သည့် ကူးသန်းရောင်းဝယ်ခြင်းတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကာကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ ဥပဒေရှုထောင့်မှ လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားကြသည်။

 

စာတမ်းဖတ်ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများမှ အရာထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)