ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေဘာသာပြန်စာအုပ်အမှတ် “(၁) မှ (၁၀) အထိ” စာအုပ်ထုတ်ဝေ

နေပြည်တော်၊ မတ် ၁၃

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန် ကော်မရှင်က မြန်မာ ဘာသာသို့ ပြန်ဆိုပြီး သည့်ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန် စာအုပ်အမှတ် (၁) မှ (၁၀) အထိ စာအုပ်များကို ထုတ်ဝေပြီးဖြစ်သည်။

ဥပဒေဘာသာပြန် ကော်မရှင်အဖွဲ့ကို ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။

ဥပဒေဘာသာပြန် ကော်မရှင်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အင်္ဂလိပ် ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဥပဒေပေါင်း (၃၀)ကို ဘာသာ ပြန်ဆိုခဲ့ပြီးဖြစ်သည်။

အဆိုပါ ဘာသာပြန်ဥပဒေ (၃၀) ပါဝင်သည့် ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁) မှ (၁၀) အထိ စာအုပ်များသည်  ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေပုဒ်မ ၁၂ အရ မူလစာမူနှင့် အလားတူ အာဏာတည်ကြောင်း ဥပဒေဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌကအမိန့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သဖြင့်  ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် တရားဝင်ကိုးကားသုံးစွဲနိုင်သည့်  အဖိုးတန်သော စာအုပ် ကောင်းများဖြစ်သည်။

စာအုပ်အမှတ် (၁) တွင် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ (The Bar Council  Act)၊ ကာလစည်းကမ်းသတ်အက်ဥပဒေ (The Limitation Act)၊ ကုန်စည်ရောင်းချခြင်း အက်ဥပဒေ (The Sale of Goods Act)၊ မြစ်ကျဉ်းသွားလာရေးအက်ဥပဒေ (The Defile Traffic Act)၊ စာအုပ်အမှတ်(၂) တွင် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေ (The Christian Marriage Act)၊ အထူးထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ (The Special Marriage Act) ၊ ကိတ္တိမ မွေးစားခြင်းမှတ်ပုံတင် အက်ဥပဒေ(The Registration of Kittima Adoptions Act)၊ အရွယ်ရောက်ခြင်း အက်ဥပဒေ (The Majority Act)၊ ပစ္စည်းခွဲဝေခြင်းဆိုင်ရာ အက်ဥပဒေ (THe Partition Act)၊ စာအုပ်အမှတ်(၃) တွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ (The Myanmar Official Secrets Act)၊ မြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေး အက်ဥပဒေ (The Myanmar Carriage by Air Act) ၊ ကိုယ်စားလှယ် လွှဲအပ်ရေး အက်ဥပဒေ(The Power of Attorney Act) ၊ လွှဲအပ်ပစ္စည်းစီမံရေးဝန်အက်ဥပဒေ (The Official Trustees Act)၊ အမိန့်ဆင့်စာခအက်ဥပဒေ (The Process Fees Act)၊ စာအုပ် အမှတ် (၄) တွင် ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေ (The Transfer of Property Act )၊ စာအုပ်အမှတ် (၅) တွင် သယ်ယူပို့ဆောင်သူများအက်ဥပဒေ (The Carriers Act) ၊ ကျမ်းသစ္စာ အက်ဥပဒေ (The Oaths Act)၊ သီးခြား သက်သာခွင့်အက်ဥပဒေ ( The Specific Relief Act)၊ စာအုပ်အမှတ် (၆) တွင် အထက် မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်း (The Upper Myanmar Land and Revenue Regulations)၊ မြန်မာနိုင်ငံလင်မယား ကွာရှင်းရေးအက်ဥပဒေ ( The Myanmar Divorce Act) ၊ စာအုပ်အမှတ် (၇) တွင် အတိုးခံစားခွင့် အက်ဥပဒေ (The Interest Act) ၊ ထိမ်းမြားပြီး အမျိုးသမီးများ၏ ပစ္စည်းခန်း အက်ဥပဒေ (The Married Women’s Property Act) ၊ ဟိန္ဒူ မုဆိုးမများ ထပ်မံထိမ်းမြားခြင်း အက်ဥပဒေ (The Hindu Widow’s Re-Marriage Act)၊ ရှေ့နေများ အက်ဥပဒေ (The Legal Practitioners Act )၊ စာအုပ်အမှတ် (၈) တွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ (The Public Property Protection Act)၊ ရုံးခွန်အက်ဥပဒေ (The Court Fees Act)၊ စာအုပ်အမှတ် (၉) တွင် ရာဇသတ်ကြီး (The Penal Code)၊ စာအုပ်အမှတ် (၁၀) တွင် ကုန်းလမ်း အကောက်ခွန်အက်ဥပဒေ(The Land Customs Act)၊ တရားဝင်ကိုယ်စားလှယ်များဆိုင်ရာ တရားမမှုအက်ဥပဒေ (The Legal Representatives Suits Act)၊ အနုညာတစီရင် ဆုံးဖြတ်ခြင်း (အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲသဘောတူစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ သဘော တူစာချုပ်) အက်ဥပဒေ (The Arbitration (Protocol and Convention Act) တို့ပါဝင်ပြီး အဆိုပါစာအုပ်များကို တစ်အုပ်ချင်းဖြစ်စေ ၊ အမှတ်(၁) မှ (၁၀) အထိ အတွဲလိုက်ဖြစ်စေ မှာယူ ရရှိနိုင်ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်