ဥရောပဘုရင်ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ ပေါ်တူဂီ

၁၁  ဇွန်

 

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကြီးမှူးကျင်းပသည့် ပထမဆုံးအကြိမ် ဥရောပနေရှင်းလိဂ်ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နေရှင်းလိဂ်ဗိုလ်လုပွဲကို ဇွန် ၁၀ ရက်နေ့က ပေါ်တူဂီနိုင်ငံပေါ်တိုရှိ ပရိသတ်လေးသောင်းကျော်ဝင်ဆံ့သည့် Dragao  ကွင်းတွင် အိမ်ရှင်ပေါ်တူဂီနှင့် နယ်သာလန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပေါ်တူဂီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၆၀ အရောက်တွင် ဘာနာဒိုဆေးဗားလ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂွီဒက်စ်က ပယ်နယ်တီစည်းထိပ်မှ သွင်းယူခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်လုပွဲဖြစ်သည့်အလျောက် တစ်ဖက်နှင့်တစ်ဖက် ထိန်းကစားနေသည့်အတွက် ကွင်းလယ်တွင်သာ အပျက်များနေပြီး ဂိုးရဖို့ ရုန်းကန်ခဲ့ရသည်။ ခရစ္စတီယာနိုရော်နယ်ဒိုသည် ဆွစ်ဇာလန်အသင်းနှင့် ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ သော်လည်း ယနေ့ပွဲတွင်မူ ထင်သလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိပေ။ ပေါ်တူဂီအသင်းမှ ဘရူနိုဖာနန်ဒက်ဇ်၏ ကန်သွင်းချက်များကို နယ်သာလန်ဂိုးသမား ဆီလက်ဆန် ကာကွယ်နိုင်ခဲ့၍သာ နယ်သာလန်အသင်း စောစောစီးစီး ဦးဆောင်ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ ပွဲကစားချိန် ဒုတိယပိုင်း အရောက်တွင် ကိုးမန်း၏ နယ်သာလန်အသင်းသည် ဘာဘယ်၏ နေရာကို ကွင်စီပရုမ်းစ်၊ ဘာ့ဂ်ဝင့်၏ နေရာကို ဗန်ဒီဘိခ်၊ ဒီရွန်၏ နေရာကို ဖရန့်ကီ ဒီဂျောင်တို့ဖြင့် လူစားလဲမှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးရနိုင်လောက်သည်အထိ စွမ်းဆောင် နိုင်ခြင်းမရှိခဲ့ပေ။

 

သုံးနှစ်အတွင်း ဒုတိယဖလား

 

ပေါ်တူဂီအသင်းသည် ယခုပွဲ အနိုင်ရရှိခဲ့မှုကြောင့် သုံးနှစ်အတွင်း အဓိကဆုဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပေါ်တူဂီအသင်းသည် ၁၉၉၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့ သည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် နာမည်ကြီး ဘရာဇီးအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလား ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် အိမ်ရှင်အဖြစ်ကျင်းပစဉ် ဖလားဆွတ်ခူးနိုင်သည့် ပထမဆုံး ဥရောပအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

ယင်းပွဲတွင် ဘောလုံးပိုင်ဆိုင်မှု ပေါ်တူဂီအသင်းက ၄၃ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ဂိုးကန်သွင်းမှုအပိုင်းတွင် ပေါ်တူဂီအသင်းက ၁၈ ကြိမ်အထိရှိခဲ့ပြီး နယ်သာလန်အသင်းက လေးကြိမ်သာ ရှိခဲ့သည်။ ဂိုးပေါက်တည့်မှုအပိုင်းတွင် လည်း ပေါ်တူဂီအသင်းက ခုနစ်ကြိမ်အထိရှိခဲ့ပြီး နယ်သာလန်အသင်းက တစ်ကြိမ်သာရှိခဲ့သည်။ နယ်သာလန် အသင်းသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဗိုလ်လုပွဲကို ငါးကြိမ်အထိ တက်ရောက်နိုင်ခဲ့သော်လည်း လေးကြိမ်အထိ ရှုံးနိမ့် ခဲ့သည်။ ထို့အပြင် နယ်သာလန်အသင်းသည် ပေါ်တူဂီမြေတွင်ကစားသည့် ခြောက်ပွဲတွင် နိုင်ပွဲမရရှိဘဲ လေးပွဲရှုံးနိမ့်ပြီး နှစ်ပွဲသရေကျထားသည်။ နယ်သာလန်ဂိုးသမား ဆီလက်ဆန်သည် နိုင်ငံအသင်းအတွက် ပွဲ ၅၀ ပြည့် မြောက်သည့် ပဉ္စမမြောက်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဂိုးသွင်းအများဆုံးဆုကို ခရစ္စတီယာနိုရော်နယ်ဒိုက ရရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဘာနာဒိုဆေးလ်ဗားက ရရှိခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ နယ်သာလန် အသင်းမှ ဖရန့်ကီ ဒီဂျောင်က ရရှိ ခဲ့သည်။

 

az 001

 

တတိယဆု အင်္ဂလန်

 

နေရှင်းလိဂ်၏ တတိယနေရာကို အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ် ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရပြီး ရယူနိုင်ခဲ့သည်။

 

ယူအီးအက်ဖ်အေက ထုတ်ပြန်လိုက်သည့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းတွင် ဂိုး- ပစ်ဖို့ဒ်(အင်္ဂလန်)၊ နောက်တန်း - ဒီလစ် (နယ်သာလန်)၊ ရူဗင်ဒီးယက်စ် (ပေါ်တူဂီ)၊ ရာဖေးလ် ဂွီရဲရိုး (ပေါ်တူဂီ)၊ အကန်ဂျီ(ဆွစ်ဇာလန်)၊ ကီဗင် အမ်ဘာဘူ(ဆွစ်ဇာလန်)၊ အလယ်တန်း- ဖရန့်ကီ ဒီဂျောင် (နယ်သာလန်)၊ မာတင် ဒီရွန်(နယ်သာလန်)၊ ဘာနာဒို ဆေးလ်ဗား(ပေါ်တူဂီ)၊ ရှေ့တန်း - မက်ဖစ် ဒီပိုင်း(နယ်သာလန်)နှင့် ခရစ္စတီယာနို ရော်နယ်ဒို(ပေါ်တူဂီ) တို့ ပါဝင်ကြသည်။

 

အောင်ဇော်