လန်ဒန်    ဇွန်   ၂၈

ဥရောပဒေသတစ်ဝန်း၌ ပြင်းထန်သော အပူလှိုင်းကျရောက်မှု ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ ဂျာမနီ၊ ပြင်သစ်နှင့် ချက်သမ္မတနိုင်ငံတို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံတွင် ဇွန် ၂၇ ရက်က အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး ယခင်စံချိန်ဖြစ်သော ၄၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။

အလားတူ ချက်သမ္မတနိုင်ငံတွင်လည်း အပူချိန် ၄၀ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး စံချိန်တင်အပူချိန်သစ် ဖြစ်လာခဲ့ကြောင်း  သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် အပူလှိုင်းဒဏ်ကြောင့် လူ ၁၀၉ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။

ပြင်းထန်သောအပူချိန်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကျယ်ကျယ်ပြန့်ပြန့်ထိခိုက်စေလျက်ရှိသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် အခမ်းအနားအချို့ကို ဖျက်သိမ်းခဲ့ရပြီး ဗြိတိန်နိုင်ငံတွင်လည်း စာသင်ကျောင်းအချို့ကို ပိတ်ထားရကြောင်း သိရသည်။

ထို့ပြင် ဂျာမနီနိုင်ငံရှိ အဝေးပြေးလမ်းမများတွင် လမ်းမျက်နှာပြင်များ အပူချိန်ကြောင့် ပုံပျက်ခြင်းနှင့် ကွဲအက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

ဟန်ဂေရီနိုင်ငံအနီး ဖြတ်သန်းစီးဆင်းသော ဒန်ညုမြစ်၏ ရေအပူချိန်မြင့်တက်လာမှုကြောင့် အနီးရှိ အဏုမြူဓာတ်အားပေးစက်ရုံတစ်ရုံရှိ ဓာတ်ပေါင်းဖိုအချို့၏ လည်ပတ်မှုကိုလည်း ထိခိုက်စေခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်