ဥရောပနိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်မှုများပြားလာသဖြင့် ကန့်သတ်ချက်များ ထပ်မံချမှတ်

၁၃ အောက်တိုဘာ

 

ဥရောပနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာချိန် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်အသစ်များ ချမှတ်လာသည်။

 

ပြင်သစ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက စနေနေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၀၀၀ နီးပါးရှိသည်ဟု အတည်ပြုပြောကြားခဲ့သည်။

 

ပြင်သစ်ဝန်ကြီးချုပ် ဂျင်းကတ်စ်က တနင်္လာနေ့ကပြုလုပ်သော  ပြင်သစ်မီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြင်သစ်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းနှင့်ရင်ဆိုင်နေရကြောင်းနှင့် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ အစီအမံများ လုပ်ဆောင်ကြရန်  တိုက်တွန်းပြောကြားခဲ့သည်။

 

အချို့ဒေသများတွင် အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုအပါအဝင် ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံချမှတ်နိုင်သည်ဟု ၎င်းက အသိပေးပြောကြားခဲ့သည်။

 

ဗြိတန်နိုင်ငံတွင် အောက်တိုဘာလအစောပိုင်းကတည်းက ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်သူဦးရေ ၁၀၀၀၀ ကျော်ရှိကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုဗစ်-၁၉ သတိပေးချက်နှင့် ကန့်သတ်ချက်များကို အဆင့် သုံး အဖြစ် ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဥရောပတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဖြစ်သော စပိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်သူဦးရေ ၁၀၀၀၀ ကျော်အထိ မြင့်တက်လာသည်။

 

အလုပ်သဘော သွားရောက်သူများမှအပ ပြည်သူများအား မြို့တော်အဝင်အထွက် တားမြစ်ထားပြီး မက်ဒရစ်မြို့တော်တွင် အဝင်အထွက်ပိတ်ဆို့မှု ကို ယခုလအစောပိုင်းက ချမှတ်ခဲ့သည်။

 

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၇၆၄၀၂၄၃ ဦး ရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၇၈၃၆၂ ဦး အထိရှိလာသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို