ဥရောပနိုင်ငံတွေကို ဒေါသထွက်စေခဲ့တဲ့ အမေဇုန် သစ်တောအတွင်းက မီး

ခြူးစန္ဒီနွေး

ဘရာဇီးနိုင်ငံမှာရှိတဲ့ အမေဇုန် မုတ်သုံသစ်တောကြီးအတွင်း မီးလောင်တာကိုသိရတဲ့အခါမှာတော့ ဥရောပနိုင်ငံတွေရဲ့ စိုးရိမ်မှု မြင့်တက်လာပြီး ဒီကိစ္စအပေါ် ဒေါသထွက်ကြပါတယ်။ မုတ်သုံသစ်တော မီးလောင်မှုဟာ ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုအားကောင်းစေတဲ့အရာ။ ဒါကြောင့် ဒီပြဿနာဟာ တစ်ကမ္ဘာလုံး အလေးထားဖြေရှင်းရမယ့်ပြဿနာပါလို့ ဥရောပနိုင်ငံတွေက ပြောကြပါတယ်။

ပြင်သစ်သမ္မတ၏ စွပ်စွဲချက်

ဘရာဇီးသမ္မတဂျီအာဘော်ဆွန်နယ်ရိုဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို တိုက်ဖျက်ပါ့မယ်။ အမေဇုန်သစ်တောကြီးကို စောင့်ရှောက်ပါမယ်လို့ ပြောခဲ့ပေမယ့် ဒါတွေအားလုံးဟာ အလိမ်အညာတွေချည်းပဲလို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က စွပ်စွဲလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တည်တံ့ခဲ့တဲ့ တောင်အမေရိကနဲ့ ဥရောပတို့ရဲ့ ကုန်သွယ်ရေးကို ဖြတ်တောက်လိုက်ရမလားဆိုပြီး မက်ခရွန်က ဘရာဇီးသမ္မတကို ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုတွေကို ကြည့်မယ်ဆိုရင် ဘရာဇီးသမ္မတနဲ့ ပြင်သစ်သမ္မတတို့ကြား ဆက်ဆံရေး မပြေလည်မှုတွေကို အထင်းသား တွေ့နိုင်ပါတယ်။

ဘရာဇီးအရေး ဝင်မစွက်နဲ့

ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့ နှစ်ဦးစလုံးကတော့ ဘရာဇီးမုတ်သုံသစ်တော မီးလောင်မှုကို ယခုသီတင်းပတ်အကုန်မှာ ကျင်းပမယ့် ဂျီ ၇ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဘရာဇီးသမ္မတ ဘော်ဆွန်နယ်ရိုကတော့ ဘရာဇီးရဲ့အရေးကိစ္စကို ဝင်ရောက်မစွက်ဖက်ပါနဲ့လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အမေဇုန်တောမှာ မီးလောင်မှုကြောင့် လက်ယာစွန်းရောက် ဘရာဇီးသမ္မတအပေါ် ဝေဖန်မှုတွေဟာလည်း တဖြည်းဖြည်း များလာခဲ့ပါတယ်။

ထောက်ပံ့ငွေတွေရပ်ဆိုင်း

ဘရာဇီးသမ္မတဟာ တောရိုင်းမြေကာကွယ်ရေးအတွက် လုပ်ဆောင်နေမှုတွေကို ဖြတ်တောက်ခဲ့ပြီး မိုးသစ်တောကြီးထဲမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် နေရာပိုရအောင် လုပ်ဆောင်လိုသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ပညာရှင်တွေ၊ အောင်မြင်ကျော်ကြားသူတွေဟာ ဘရာဇီးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုတွေ ပြုလုပ်လာပြီး ဂျာမနီနဲ့ နော်ဝေတို့ကလည်း ဘရာဇီးကိုပေးထားတဲ့ ထောက်ပံ့ငွေတွေ ရပ်ဆိုင်းလိုက်ကြပါတယ်။ အမေဇုန် သစ်တောထိန်းသိမ်းကာကွယ်ရေးအတွက်ဆိုပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ပေးတဲ့အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာပါ။ မုတ်သုံသစ်တောအတွင်း မီးလောင်မှုအများအပြားကတော့ လယ်သမားတွေက သီးနှံစိုက်ပျိုးဖို့အတွက် ရှို့ကြတဲ့မီးတွေဖြစ်ပြီး တချို့တွေကျပြန်တော့လည်း စားကျက်အဖြစ် ဖန်တီးဖို့အတွက် မုတ်သုံသစ်တော အတွင်းမီးရှို့ ကြတာပါ။

အစိုးရပုံရိပ်ကျဆင်း

ဒါဟာ အရင်ကလည်း လုပ်ဆောင်ဖူးပြီး အခုနှစ်မှာတော့ မီးရှို့တာတွေဟာ ပိုပိုပြီး များလာပါတယ်။ ဒါကို မစ္စတာဘော်ဆွန်နယ်ရိုအစိုးရဟာလည်း တားဆီးဖို့ မစွမ်းဆောင်နိုင်သလို ဒီလိုမျိုးဖျက်ဆီးတဲ့ လုပ်ငန်းတွေကို အားပေးမှုတောင် တစ်ခါတစ်ရံ ပြုလုပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ပြောကြပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ မစ္စတာဘော်ဆွန်နယ်ရိုရဲ့ အစိုးရအဖွဲ့ ပုံရိပ်ကျဆင်းစေဖို့အတွက် မီးရှို့မှုတွေ ပြုလုပ်တာပါဆိုပြီး အခုသီတင်းပတ်အတွင်းမှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အစိုးရက အဲဒီအဖွဲ့အစည်းတွေကို ထောက်ပံ့ကြေး ဖြတ်တောက်တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဒီလိုမျိုးလုပ်ဆောင်တာပါလို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စွပ်စွဲချက်အတွက် သက်သေပြစရာတော့ မရှိပါဘူး။

ဒေသခံများအတွက် ခြိမ်းခြောက်မှု

အမေဇုန်သစ်တောဆိုတာကလည်း တစ်ကမ္ဘာလုံးအတွက် ကာဗွန်တွေ စုဆောင်းရာဘဏ်တိုက်ကြီး တစ်ခုလိုပါပဲ။ သစ်ပင်တွေ မီးရှို့ခံရတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက်တွေထွက်လာပါတယ်။ ဒါ့အပြင် သစ်တောပြုန်းတီးတာဟာလည်း ဒေသခံတိုင်းရင်းသားတွေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ပါပဲ။ နောက်ပြီး တောရိုင်းတိရစ္ဆာန်တွေကိုလည်း ဒီဒေသမှာပဲ တွေ့ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်မှာတော့ ပြင်သစ်သမ္မတမက်ခရွန်က “ကျွန်တော်တို့နေအိမ် မီးလောင်နေပြီ။ အမေဇုန်သစ်တောဟာ ကမ္ဘာပေါ်မှာအောက်ဆီဂျင် ၂၀ ရာခိုင်နှုန်း ထုတ်ပေးရာနေရာလည်း ဖြစ်တယ်။ အခုတော့ အဲဒီမှာ မီးလောင်နေတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာနဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပါပဲလို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီပြဿနာကို ဂျီ ၇ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးမှု ပြုလုပ်သင့်တယ်လို့ မက်ခရွန်က ပြောပါတယ်။

တစ်ကမ္ဘာလုံးကိုပါ ထိခိုက်စေ

မစ္စတာဘော်ဆွန်နယ်ရိုကတော့ မက်ခရွန်ဟာ ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက်သာ ဒီပြဿနာကို အသုံးချနေတာ ဖြစ်တယ်။ ဘရာဇီး မပါဝင်ဘဲ ဘရာဇီးနိုင်ငံရဲ့ ပြဿနာကို ဆွေးနွေးကြတာဟာဆိုရင် မဖြစ်သင့်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေဇုန်တော မီးလောင်မှုနဲ့ပတ်သက်ပြီး အသံထွက်တာဟာ ပြင်သစ်သမ္မတတစ်ဦးတည်း မဟုတ်ပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အောက်ဆီဂျင်နဲ့ ဇီဝမျိုးကွဲတွေ ရှင်သန်ရာဖြစ်တဲ့ အရင်းအမြစ်ကို ဒီထက်ပိုပြီး ပျက်စီးအောင် လုပ်လို့မဖြစ်တော့ဘူးလို့ ပြောခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာတော့ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဆီဘက်က အမေဇုန်သစ်တောအတွင်း လောင်ကျွမ်းနေတဲ့မီးဟာ အံ့သြထိတ်လန့်ဖွယ်ကောင်းပြီး ခြိမ်းခြောက်မှုကြီး တစ်ခုပါပဲ။ ဒါဟာ ဘရာဇီးနိုင်ငံတစ်ခုတည်းအတွက် သာမကပါဘူး တစ်ကမ္ဘာလုံးကိုပါ ထိခိုက်စေတဲ့ အရာတစ်ခုပါလို့ ပြောခဲ့ပါတယ်။ ပြင်သစ်သမ္မတရဲ့ သဘောထားအတိုင်း ဂျာမနီဝန်ကြီးချုပ်ဟာလည်း ဒီကိစ္စကို ဂျီ ၇ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းသင့်တယ်လို့ ပြောခဲ့ပါတယ်။

အားလုံးရဲ့တာဝန်ဖြစ်

ဥရောပကော်မရှင်က ပြောရေးဆိုခွင့်ရှိသူကလည်း ဘရာဇီးက အမေဇုန် သစ်တောမီးလောင်မှုအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်တာဟာ သစ်တောပြုန်းတီးမှုနဲ့ သက်ဆိုင်နေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲတာကို ဖြစ်ပေါ်စေနိုင်တဲ့ ဒုတိယမြောက် အရေးကြီးဆုံးအချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ပါရီသဘောတူညီမှုအတိုင်း သစ်တောထိန်းသိမ်းရေးအတွက် လုပ်ဆောင်ရမှာဟာ အားလုံးရဲ့တာဝန်ပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မစ္စတာဘော်ဆွန်နယ်ရိုကို တောင်အမေရိကရဲ့ ဒေါ်နယ်ထရမ့် လို့တင်စားခေါ်ဝေါ်မှုတွေ ရှိနေတဲ့အချိန်မှာဂျီ ၇ ထိပ်သီးအစည်းအဝေးမှာ အမေဇုန်တောအတွင်း မီးလောင်မှုအကြောင်းကို အမေရိကန်သမ္မတထရမ့် ပါဝင်ဆွေးနွေးလာဖို့ ပြင်သစ်အာဏာပိုင်တွေက မျှော်လင့်ထားတာ မရှိပါဘူး။

ကုန်သွယ်ရေးစာချုပ်ကို ထိခိုက်နိုင်

ဥရောပသမဂ္ဂနဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးတို့ကြား ပြုလုပ်ထားတဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်ကို ထိခိုက်စေလိမ့်မယ်လို့ ပြင်သစ်သမ္မတက ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီကုန်သွယ်ရေး သဘောတူစာချုပ်ဟာ ဆယ်စုနှစ် နှစ်ခုစာမျှကြာ ဆွေးနွေးမှုတွေအပြီး နှစ်စဉ်ကုန်သွယ်မှုရဲ့ ဒေါ်လာတစ်ထရီလီယံခန့် အခွန်ကင်းလွတ်ခွင့် ရှိလိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဘရာဇီးသမ္မတကသာ ပါရီ ရာသီဥတုပြောင်းလဲရေး သဘောတူစာချုပ်ကနေ ဘရာဇီးကိုဆွဲထုတ်သွားမယ်ဆိုရင် ဒီကုန်သွယ်ရေးစာချုပ်မှာလည်း အလားတူ ထိခိုက်မှုတွေ ရှိလာလိမ့်မယ်လို့ ပြင်သစ်သမ္မတက ခြိမ်းခြောက်ခဲ့တာပါ။

မိုးသစ်တောကို ကာကွယ်မယ်

သြဂုတ် ၂၃ ရက်မှာတော့ ဘရာဇီးသမ္မတဟာ အမေဇုန်သစ်တောမှာ လောင်နေတဲ့ မီးကိုထိန်းချုပ်နိုင်ဖို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် အနယ်နယ်အရပ်ရပ်က ဘရာဇီးသံရုံးတွေမှာတော့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဗျူနိုအေရိစ်မြို့မှာဆိုရင် သမ္မတဘော်ဆွန်နယ်ရိုကို ထွက်သွားဆိုပြီး လူငယ်တွေက ကြွေးကြော်ဆန္ဒပြကြပါတယ်။ ဒါပေမယ့် ဘရာဇီးသမ္မတကတော့ မုတ်သုံသစ်တောကို ကာကွယ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။ အမေဇုန်တောကိုလည်း ချစ်မြတ်နိုးပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ။

ကိုးကား -နယူးယောက်တိုင်းမ်