ဥရောပသမဂ္ဂ က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား ပထမဆုံး ကာကွယ်ဆေးအဖြစ် သုံးစွဲခွင့် ခွင့်ပြု

၂၂ ဒီဇင်ဘာ

 

 

ဥရောပသမဂ္ဂ(EU)က Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ သုံးစွဲခွင့်ရတဲ့ ပထမဆုံး ကာကွယ်ဆေးအဖြစ် တနင်္လာနေ့က ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

 

 

ခရစ္စမတ် အပြီးမှာ အဖွဲ့ဝင် ၂၇ နိုင်ငံက ကာကွယ်ဆေး ထိုးပေးဖို့ ပြင်ပြီးနောက် အသုံးပြုခွင့် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့က ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုပြီး သီတင်းပတ်များ ကြာပြီးနောက် ဥရောပသမဂ္ဂက အဆောတလျင် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပါတယ်။

 

 

ဥရောပသမဂ္ဂ ဆေးဝါးဆိုင်ရာအဖွဲ့(EMA)က Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား အသုံးပြုခွင့် အကြုံပြုပြီး နာရီပိုင်းအကြာမှာ ဥရောပသမဂ္ဂ(EU) က သုံးစွဲခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ လက်တလော တွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး အသစ်အား အခု အသုံးပြုခွင့် ပေးလိုက်တဲ့ ကာကွယ်ဆေးက နှိမ်နင်းနိုင်မယ်လို့ (EMA) က ပြောပါတယ်။

 

 

ဥရောပသမဂ္ဂအကြီးအကဲက ဥရောပမှာ ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ထိုးနှံပေးမှာဖြစ်ပြီး ကာကွယ်ဆေးဟာ ဥရောပအတွက် အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ခက်ခဲနေတဲ့ နှစ်ကို အဆုံးသတ်ပြီး စာမျက်နှာအသစ်ပြောင်းမယ့် လက္ခဏာဖြစ်ကြောင်း ပြောကြားပါတယ်။

 

 

ကာကွယ်ဆေး ထိုးပြီသူအား ၁၅ မိနစ် စောင့်ကြည့်ရန်၊ အသက် ၁၆ နှစ်အထက်အား ကာကွယ်ဆေးထိုးနိုင်ကြောင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအား ကာကွယ်ဆေး ထိုးပေးရန် အခြေအနေကိုလိုက်ပြီး ဆုံးဖြတ်ရန် လိုအပ်ကြောင်း EMA က အကြံပြုထားပါတယ်။

 

 

Moderna မှ ထုတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသုံးပြုခွင့်ပေးရေးကို ဥရောပသမဂ္ဂက ဇန်နဝါရီ ၆ ရက်မှာ ဆုံးဖြတ်ဖို့ ရှိနေကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP